Wednesday, February 11, 2015

"စင်္ကာပူက နှာချေသရဲ"


1.
ပါးစပ်ပြောနဲ့တော့ သရဲခြောက်တဲ့ဇာတ်လမ်းတွေ စင်္ကာပူမှာ အများကြီးပါပဲ။
ပင်နင်ဆူလာ B1 ထဲက အိမ်သာမှာ ကလေးသရဲ ရှိသတဲ့။
တီးဝိုင်းဆရာ ကိုငြိမ်းတိုးပြောတာလေ... ...
"ကလေးလေးက လေးဘက်ထောက်လေးနဲ့ လျှောက်သွားနေတာဗျ၊ အိမ်သာလာတဲ့လူရှိရင် ငိုသံပေးပြီး နောက်ကလိုက်တယ်"
"ဟမ်... မနောက်နဲ့နော်၊ ခညားကိုယ်တိုင် မြင်ဘူးလို့လားဂျ"
"မြင်ဘူးတာပေါ့... ချိုလိမ်လေးတောင် ကိုက်လို့"
"ငင်... ဘုရား ဘုရား"
သူ အဲလိုပြောတာနဲ့ မြနန္ဒာမှာ ဘီယာသောက်တဲ့ရက်ဆို မိုးချုပ်ရင် အဲ့ အိမ်သာမသွားရဲဘူး။
.
.
2.
နောက်တစ်ခု ပလာဇာစင်္ကာပူရာ မှာ
အဖွားကြီးသရဲ တဲ့
အွန်လိုင်းမှာတောင် ဗီဒီယိုဖိုင် ပြန့်လိုက်ပါသေးတယ်။
CCTV ကင်မရာက ရိုက်မိထားတာ။
လူနှစ်ယောက် ဓာတ်လှေခါးထဲစီးလာတာ၊ သူတို့ဆင်းမယ့်အထပ်ရောက်လို့ ဓာတ်လှေခါးထဲကလည်း ထွက်ရော အဖြူရောင်အရိပ်တစ်ခုပါ လိုက်ထွက်သွားတယ်။
ကြည့်ရတာ အဖွားကြီးအိုပုံစံနဲ့
ကိုယ်တိုင်လည်း ကြည့်လိုက်ရပါရဲ့။
နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ဆိုတော့ ယုံရခက်ခက်ရယ်။
Video Editing တွေများ လုပ်ထားသလားလို့လေ။
မယုံမယ့်သာ မယုံတာဗျ
တစ်ယောက်ထဲ အဲ့ ဓာတ်လှေခါး စီးရဲလားလို့ မေးကြည့်၊ စီးရဲဘူး ငီး ငီး
.
.
3.
ထားပါလေ
အဓိကပြောချင်တာက ကိုယ်တိုင်လည်း ကြုံခဲ့ရတဲ့ 'နှာချေသရဲ' အကြောင်းပါ။
တရက်က... ...
ရွာက အဒေါ်နဲ့ ညီမဝမ်းကွဲ ၂ ယောက်၊ 'စလုံး' ကို လာလည်မယ်ဆိုလို့ သူတို့ ယာယီတည်းခိုဖို့ အိမ်လိုက်ရှာရတယ်။
သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိတော့ သူက ပြောတယ်... ...
"မင်းအဒေါ်တွေက ဘယ်နှရက်နေမှာတုန်း"
"ရက် ၂ ပတ်ပါကွာ"
"ဘယ်တော့ လာမှာတုန်း"
"နောက် လဆန်း ၁ရက်နေ့"
"ဟာ... အာ့ဆို အိမ်ငှားမနေနဲ့ င့ါအိမ်လာနေ၊ ငါတို့က ခွင့် တစ်လပြန်မှာ"
"ကောင်းတယ်ကွာ... အေး"
သူ့အိမ်က စင်္ကာပူအခေါ် ၁+၁ ပေါ့။
အိပ်ခန်း ၁၊ ဧည့်ခန်း ၁ နဲ့ မီးဖို ၁၊ အိမ်သာ ၁ ပဲ။
လင်မယားနှစ်ယောက်အိပ်တဲ့ ကုတင်၊ သားအမိ ၃ယောက် မျှအိပ်ပေါ့။
ဒီလိုနဲ့ သူတို့ရောက်လာလို့ လေဆိပ်သွားကြိုပြီး အဲ့အိမ်မှာ နေရာချပေးလိုက်တယ်။
နောက်ရက် တနင်္ဂနွေဆိုတော့ ဟိုနားဒီနားလိုက်ပို့ရတာပေါ့။
ရုံးဖွင့်ရင် ကိုယ်က လိုက်ပို့နိုင်မှာ မဟုတ်တော့ ရထားစီး၊ ကားစီးတာတွေ၊ ထမင်းဝယ်စားတာတွေနဲ့ တခြားလိုအပ်တာတွေ ပြထားရတယ်။
ညီမနှစ်ယောက်က လည်လည်ဝယ်ဝယ်ရှိလို့ တော်သေး။
.
.
4.
နောက်နေ့ တနင်္လာနေ့
သူတို့ဟာသူတို့ လျှောက်လည်ကြတယ်။
ဘာပြသနာမှ ရှိပုံမရဘူး
အကြောင်းရှိရင် ဖုန်းခေါ်ဖို့ ပြောထားတာ၊ တနေကုန် မခေါ်ကြတော့ ဒါဘာပြသနာမှ မရှိလို့ပေါ့။
အဲ... နောက်တစ်ရက်
အင်္ဂါနေ့ တနေကုန် ဘာသံမှ မကြားရပေမယ့် ညဘက် ၁၁ နာရီလောက်ကျတော့ ဖုန်းခေါ်ပါလေရော....
အဒေါ်လုပ်သူ ဆက်တာ... ...
"မောင်ဦး... ငါတို့ကို အိမ်ပြောင်းပေး ဟေ့"
"အမ်... အန်တီလေး ဘာဖြစ်လို့တုန်း"
"ဒီအိမ်မှာ ငါတို့ မနေရဲတော့ဘူး"
"ဂျာ... ဘာလို့လဲ ကျနော့်ကို သေချာပြောပါ"
"သရဲ ခြောက်လို့"
"ဟိုက်ခ်ျ..."
မကြားဝံ့ မနာသာကြီး။
ဟိုကောင်တွေ အဲ့အိမ်မှာ နေနေတာ ကြာပါပြီ၊ သရဲခြောက်တယ်လို့ တခါမှ ပြောသံမကြားမိ။
ဘယ်လိုဖြစ်ရတာပါလိမ့်၊
သေချာမေးအုံးမှ... ...
"အန်တီလေး... သရဲကဘယ်လို ခြောက်တာတုန်း"
"နှာချေသံ ပေးပေးပြီး ခြောက်တာ၊ မယုံ မင့် ညီမတွေ မေးကြည့် ရော့"... ဆိုပြီး ညီမလုပ်သူလက်ထဲ ဖုန်းထည့်လိုက်တယ်
"ဟုတ်တယ်... ကိုကြီး၊ မနေ့ထဲက ပြောမလို့၊ မသေချာသေးတာနဲ့ မပြောသေးတာ"
"အသေးစိပ်ပြောပြစမ်း... ငါ့ကို"
"မနေ့က ညီမတို့ အပြင်က ပြန်လာတော့ ည ၁၁ လောက်ရှိနေပြီ၊ အိမ်တံခါးဖွင့်ပြီး ဧည့်ခန်းမီး ဖွင့်မလို့ လုပ်တုန်းရှိသေး ... ဟချီး ဆိုပြီး နှာချေသံ ကြားလိုက်ရတယ်"
"ငင်... တခြား အိမ်က ဖြစ်မှာပါဟ"
"မဟုတ်ဘူး ကိုကြီး၊ ဒီအိမ်ထဲကမှ ဒီအိမ်ထဲက အစစ်၊ ညီမတို့လည်း လန့်သွားတာပေါ့၊ အဲဒါနဲ့ တအိမ်လုံး မီးတွေလိုက်ဖွင့်ပြီး လိုက်ကြည့်တော့လည်း ဘာမှ မတွေဘူး၊ အဲ... သရဲက အနံ့လည်း ပေးတယ် ကိုကြီး သိလား"
"ငင်... ပရား ပရား အဲလေ ဘုရား ရား"
"အဲဒါ.. ခုနက ညီမတို့ ၂ ယောက်က အခန်းထဲ တီဗီကြည့်နေတာ၊ မေမေက ဘုရားခန်းမှာ ဘုရားဝတ်ပြုနေတုန်း အဲ့ သရဲက ထပ်ခြောက်ပြန်ရော..."
"နှာချေသံပေးပြီး ခြောက်တာပဲလား"
"ဟုတ်တယ် ကိုကြီး၊ ဟချီးဆိုပြီး အသံပေးတယ်၊ အကျယ်ကြီးတော့ မဟုတ်ဘူး၊ ဧည့်ခန်းကလူ ကြားယုံပဲ၊ ပြီးတာနဲ့ စိမ်းရွှေရွှေအနံကြီးပေးရော၊ အဲဒါနဲ့ မေမေလည်း ပုတီးကြီးကိုင်းပြီး အခန်းထဲ ပြေးဝင်လာတာ၊ ကြောက်လန့်တကြားနဲ့ လေ"
"ငင်... နေ့လည် နေခင်းဖက်ရော မခြောက်ဘူးလား ဟ"
"နေ့ခင်းဖက်တော့ မကြားမိဖူး၊ ည ညမှ ခြောက်တာ၊ ခြောက်တာတောင်မှ ဧည့်ခန်းထဲမှာပဲ ခြောက်တာ၊ အိပ်ခန်းထဲတော့ လာ မခြောက်ဘူးရယ်"
"အင်း... မဟုတ်သေးပါဘူး၊ ငါလာကြည့်ပါအုံးမယ်ဟာ"
"ဟုတ်... ကိုကြီး ခုလာခဲ့နော်"
"အေး... အေး..."
.
.
5.
ဒီလိုနဲ့
ညကြီးအချိန်မတော် တက်စီငှားပြီး သူတို့ရှိရာ သွားရတယ်။
ညီမတွေရှေ့မလို့ ဟန်လုပ်ပြီးသာ သွားရတာ၊ ကိုယ်ကလည်း သရဲဆို ကြောက်ပြီးသားရယ်။
တိုက်ခန်းကလည်း လှေခါးကနေ ညာဘက်ကွေ့ပြီးမှ တစ်ခန်းတည်း သီးသန့်လိုဖြစ်နေတာ။
ဘေးဘီက အခန်တွေနဲ့က အသံဗလံကိစ္စ သိပ်ကြားစရာ အကြောင်း မရှိဘူးရယ်။
ဧည့်ခန်းမှာ ထိုင်စကားပြောနေတုန်း ခဏနေတော့ ကြားလိုက်ရတယ်... ..
"ဟချီး..."... တဲ့၊
ဟုတ်တယ်ဟ နှာချေသံ၊ အကျယ်ကြီးလည်း မဟုတ်ဘူး။
နှာချေသံကြားပြီး မကြာဘူး အနံ့တစ်မျိုးရတယ်။
ဟမ်မရေး....
သရဲတော့ တကယ်ခြောက်ပြီ။
မသိမသာလေး ညီမနှစ်ယောက်ကြားထဲ ရွှေ့ထိုင်လိုက်တယ်။
ဟုတ်တယ်လေ... မတော် သရဲက ကိုယ့်ဂုတ်ဖမ်းဆွဲ ခက်ရချည့်။
"ကိုကြီးကလည်း သူ့အားကိုးရမလားမှတ်တယ်၊ သူက ပိုကြောက်နေတယ်"
"အာ... ငါမကြောက်ပါဘူးဟ... နင်တို့ ကြောက်မှာစိုးလို့ နင်တို့အားရှိအောင် ကြားထဲ ဝင်ထိုင်ပေးတာပါ ဂယ်ထဲမှပဲ"
"ဟွန့်... မသိခက်မယ်"
"ငီး... ငီး..."
.
.
6.
ဒီပြသနာက ဒီအတိုင်းတော့ ထားလို့မရဘူး။
ဒါနဲ့ မြန်မာပြည်ပြန်တဲ့ သူငယ်ချင်းဆီ ချက်ခြင်း ဖုန်းဆက်ခေါ်ပြီး ပြောပြလိုက်တယ်... ...
"ဟေ့ရောင်... မင်းအိမ်က.. နှာချေသရဲ ရှိတယ်ကွ... @^!%#$... !@^($$ ဘာညာ ကွိကွ @&#$$"
အဲလို အကျိုးအကြောင်းလည်း ပြောလိုက်ရော ဟိုအကောင်က ဆဲပါလေရော... ...
"ဟေ့ရောင်... ငဦး၊ ခွေးမသား... ငကြောင်"
"ငင်... ငယ်သူငယ်ချင်း အချင်းချင်း မြောက်လှချည်လား"
"သောက်ပေါ... ဘုရားစင်အထက်က နံရံကိုကြည့်လိုက်၊ ဘာတွေ့တုန်း"
"လေးထောင့်ဘူးလေးတွေ့တယ်၊ မီးစိမ်းလေးလည်း လင်းနေတယ်"
"အေး... အဲဒါ အော်တိုမစ်တစ်လေသန့်စက် ကွ၊ မီနစ် ၂၀ တစ်ကြိမ် အလိုလို ဆေးဖြန်းတယ်၊ မွေးတဲ့ အနံ့တစ်မျိုး ထည့်ထားတယ်၊ ဆေးဘူးကို ညှစ်ပြီးပန်းရတာဆိုတော့ 'ဗြီး' ဆိုပြီးအသံမြည်တယ်၊ ထင်ရောင်ထင်မှားနဲ့ ဟချီးဆိုပြီး ကြားတာနေမှာပေါ့... လဒရဲ့၊ မယုံ စောင့်ကြည့်"
ဒါနဲ့ ခဏစောင့်ကြည့်လိုက်တော့... ..
ဟုတ်ပ့ါ... ...
"ဖြီးစ်..." ဆိုပြီး ရေမှုန်လိုမျိုးလေးတွေ ပန်းထွက်လာရော
အနံ့တစ်မျိုးလည်း ရရော.. ...
အင်း...
တောသူတွေဆိုတော့ ဘယ်သိမှာတုန်း
(ကိုယ်လည်း စလုံးရောက်နေတာ ကြာပြီ၊ အဲဒီ အဲယားဖရက်ရှာအကြောင်း မသိ ဟိ ဟိ)
.
.
7.
အဲယားဖရက်ရှာက အသံတိုးတိုးလေးဆိုတော့ နေ့လည်နေ့ခင်းကျ တခြား အသံတွေနဲ့ ရောပြီး မကြားရဘူးလေ။
ညဘက် လူခြေတိတ်ချိန်ကျမှ သေချာကြားရတော့တာကိုး။
အနံ့ကလည်း ညဘက်ကျမှ သတိထားမိတာ။
ခု အကြောင်းစုံသိပြီဆိုတော့ ညီမတွေလည်း ပြုံနိုင်ရီနိုင်တော့တယ်။
အဒေါ်လုပ်သူလည်း ခုမှ ပုတီးကြီး လက်ထဲက ချနိုင်တော့တယ်။
ဟူး...
ကိုယ်တွေ သတ္တိဒလောက်ကောင်းတာတောင် လန့်သွားသေးတာ ငီး ငီး ငီး၊
ယုံမလားတော့ မသိဘူး... ...
.
.
သန်၎ကို - ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...