Sunday, February 15, 2015

တင်မိုး ပြည်ပြေးဘ၀ ကဗျာလေ့လာချက် နိဒါန်း



နိဒါန်း 
ပြည်ပြေး ( exile ) သွားပြီး ပြည်ပြေးဘ၀မှာ ကိုယ်ရဲ့ ပြည်ပြေးဘ၀တည်ဆောက်မှုတွေကို ကဗျာဗေဒတစ်ရပ် ဖွဲ့စည်းတည်ဆောက် ဖို့ ဆိုတာ မလွယ်ဘူးလို့ဆိုရမယ်။ မိခင်နယ်မြေကနေ ပြေးလွှားခဲ့ပြီး အဲဒီမိခင်နယ်မြေအပေါ် လွှမ်းဆွတ်တမ်းတမှုနဲ့ ကိုယ် ဖြတ်သန်းခဲ့ရာနယ်မြေတွေရဲ့ တွေ့ကြုံခံစားမှုကို ချရေးထားတဲ့ ကဗျာခံစားမှုကို ကဗျာဖတ်ပရိတ်သတ်ဆီ ချပြ ဖို့ဆိုတာ ခက်ခဲလှပါတယ်။ ကဗျာ ဖတ်ပရိတ်သတ်တွေအများစုက ပြည်ပြေးတွေမှ မဟုတ်ဘဲ ၊ မွေးရပ်မြေကို ဘယ် လောက်အထိ ရင်ထဲ အသည်းထဲ လွမ်းရတယ်ဆိုတာ သူတို့နဲ့ တွေ့ကြုံခံစားခြင်းကူးစက်နိုင်ဖို့ဆိုတာကလည်း တော်ရုံ ဖန်တီးမှု နဲ့ မဖြစ်နိုင်လောက်ဘူး ။ စာဖတ်သူ အများစုက အဲဒီလို အိမ်အလွမ်းဝေဒနာ နဲ့ ယဉ်ကျေးမှုဆိုင်ရာ မတူညီမှု ရဲ့ အခက်အခဲကို တော်ရုံ မယ်လို ဒရမ်မာ လောက်အဖြစ်သာလျင် တန်ဖိုးထားမှာပါ ။ ပြီးတော့ ဖြတ်ခနဲဖြတ်ခနဲ့ ရွေ့လျား သွားတဲ့ နယ်မြေတွေကို အရှိတရားနဲ့ ကင်းလွတ်နေတဲ့ ၊ တစ်ခါတစ်ရံ အဲဒီ ပုံရိပ်တွေဟာ ရိုးရှင်းပြီး အတုန်းလိုက် အထစ်လိုက်နိုင်တဲ့ အတွက် ဖန်တီးမှု ချို့တဲ့နေတဲ့ အရာအဖြစ်တောင်မှ မြင်ကြဦးမှာ အမှန်ပါပဲ။ ပြည်ပြေးဘ၀ ကဗျာဆရာတစ်ဦးရဲ့တွေ့ကြုံခံစားမှုတွေဟာ စာဖတ်သူအနေနဲ့ သာမန်ကဗျာတွေထက် ခံစား ရခက်တာပါ။ အများအားဖြင့် nostalgia အတိတ်လွှမ်းဝေဒနာ လောက်အဖြစ်သာလျင် လွယ်လွယ်သဘောထားပြီး အဲဒီ အထဲမှာ ရှိနေတဲ့နက်ရှိုင်းတဲ့ ကဗျာဗေဒနဲ့ ယဉ်ကျေးမှုဆိုင်ရာ အနာတရတွေ ကို သာမန်သာလျင် သတ်မှတ်လိုက် ကြတာ များပါတယ်။ ဒါဟာ တင်မိုးတစ်ယောက်တည်း သာလျင် တွေ့ကြုံရင်ဆိုင်ရမယ့် ပြဿနာမဟုတ်ပါဘူး။ ကဗျာ ဆရာ တစ်ယောက်တည်းသာလျင် မဟုတ်ပါဘူး ။ ပြည်ပြေးဘ၀အတွေ့ကြုံခံစားမှုကို ကဗျာဗေဒအဖြစ် ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ နာနာကျင်ကျင် ဟစ်အော်တဲ့သူတိုင်း ၊ သိစိတ်ရှိရှိ ဆင်ခြင်တွေးတောခံစားဖို့ရာ ကြိုးစားသူတိုင်းတွေ့ကြုံ ခံစားကြရမယ့် အရာဖြစ်ပါတယ်။ သူတို့ရဲ့ ဘ၀သစ်အကြားနဲ့ဘ၀ဟောင်းအကြား တ၀ဲလည်လည်ဖြစ်နေပုံဟာ သူတို့ရဲ့ ၀ိညာဉ်ဆန်တဲ့ အခြေအနေတစ်ရပ်ကို ဖော်ပြတယ်။ သူတို့တွေဟာ ရှင်သန်မှုနဲ့ သေဆုံးမှုကြားထဲက လူတွေလို ၊ အရှိတရားနဲ့ ပုံရိပ်ယောင်ကြားထဲက အခြေအနေတစ်ရပ် မှာ ယှဉ်သန်နေရသူတွေလိုပါပဲ ။ ဇုံများရောယှက်နေတဲ့ hybridity အတွင်းမှာ တည်ရှိနေတာကို တွေ့ရမယ်။ ပြည်ပြေးဘ၀မှာ လူသားတစ်ယောက်ဟာ အဆမတန်တဲ့စည်းစိမ်ချမ်းသာတစ်ခုကို ရခဲ့ရင်တောင် အဲဒီ လို ရခဲ့တဲ့ အတွေ့အကြုံဟာ သူ့ရဲ့တစ်ခုတည်းသော အတွေ့အကြုံတစ်ခုမဟုတ်ပါဘူး ။ ပြည်ပြေးဘ၀မှာ ဗဟုသဘော ကွဲပြားခြားနားတဲ့ တွေ့ကြုံခံစားမှုတွေ ပေါင်းစပ်ပြီးမှသာလျင် အခြေအနေတစ်ရပ်ကို ရခဲ့တာဖြစ်တယ်။ သူဟာ နယ်မြေမဲ့ ဖြစ်ခဲ့မယ်၊ မိခင်နယ်မြေကိုလည်းမပြန်နိုင် ၊ ရှိနေတဲ့ နိုင်ငံကလည်း သူ့အတွက် မရှိဆိုတဲ့ အခြေအနေဟာ သူ့အတွက် အစဖြစ်ခဲ့ပြီး ကပ်ပါးကောင် ၊ ဧည့် အလုပ်သမား ၊ နိုင်ငံရေးခိုလှုံသူ ၊ တရားမ၀င်သူစိမ်း နိုင်ငံခြားသား ၊ ကျဘမ်း အလုပ်သမားဆိုတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတယ်။ ပြည်ပြေးဆိုတာ တရားမ၀င်လာရောက်အလုပ်လုပ်တဲ့ လူတွေ လိုမဟုတ်ဘူး။ သူတို့တွေဟာ အမိမြေကိုချစ်တယ်။ ကိုယ့်နိုင်ငံကိုကောင်းစားစေချင်တယ် ။ အသိပညာရှိတယ်။ အဲဒီလို လူတွေအတွက် ရင်ဆိုင်ရတဲ့ ဘ၀ ဒုက္ခဟာ သာမန်အလုပ်လုပ်လာလုပ်လို့ဒုက္ခရောက်နေသူတွေထက် ပြင်းထန်တဲ့ စိတ်ဝေဒနာကိုယ် ခံစားရတယ်ဆိုရင် အဲဒီလို ခံစားရတဲ့ အနုပညာဆိုတာ သာမန် အိမ်အလွှမ်းဝေဒနာကို ဟစ်ကြွေးနေတဲ့ မယ်လိုဒရမ်မာ ဇာတ်လမ်းတွေထက် အများကြီးနက်ရှိုင်းတဲ့ ယဉ်ကျေးမှုဆိုင်ရာ နဲ့ အသိပညာဆိုင်ရာ ဖော်ထုတ်တွေ ရှိနေတယ်လို့ဆိုချင်တယ်။ ပြည်ပြေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာဟာ အမြဲတမ်းနှစ်ခုတွဲဆန့်ကျင်ဘက်စုံတွဲ ( binary opposition ) တွေရဲ့ အလယ်မှာ ရှိနေခဲ့တယ်။ သူတို့က လွတ်လပ်တဲ့ ကမ္ဘာကြီးဆိုတာကို ယုံကြည်ရင်းနဲ့ တစ်ဖက်မှာ နယ်မြေ အကန့်အသတ်တွေရဲ့ အတားအဆီးဆိုတာကိုလည်း ပြင်းပြင်းထန်ထန်ခံခဲ့ရသူတွေဖြစ်တယ်။ ဒီတော့ လွတ်လပ်တဲ့ ကမ္ဘာကြီးဆိုတာကို သိမြင်ရင်းနဲ့ အဲဒီရဲ့ အတားအဆီးတွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်နေချင်သူတွေဖြစ်တယ်။ အမိမြေက သူတို့ရဲ့ အနီးစပ်ဆုံး နှလုံးသားထဲမှာရှိရင် သူတို့ဟာ အမိမြေနဲ့ ဝေးကွာတဲ့နေရာထဲမှာရောက်နေတဲ့ ခံစားချက် ကို ခံစားရသူတွေလည်း ဖြစ်တယ်။ သူတို့မှာ ပူးဆွေးသောကတွေ ၊ စိုးရိမ်ပူပန်မှုတွေ ၊ သီးခြားအမှတ်လက္ခဏာ ပျောက်ဆုံးမှုတွေ ( loss of identity ) တွေရှိနေပြီ တစ်ဖက်မှာ မျှော်လင့်ချက်တွေ ၊ ကိုယ့်ရဲ့ သီခြားအမှတ်လက္ခဏာ ကို ဖမ်းဆုပ်ထားမှုတွေ ၊ အမြဲတမ်းတတ်ကြွလှုပ်ရှားနေရမှုတွေ ရှိနေသူတွေဖြစ်တယ်။ သူတို့ရဲ့ဘ၀ဖြစ်တည်ပုံကိုက နှစ်ခုတွဲဆန့်ကျင်ဘက် အလွန်ကို ရောက်နေသူ ၊ အဆောက်အအုံ လွန်ဝါဒအရ ၊ ပို့စ်မော်ဒန်အရကြည့်ကြည့် သူတို့ဟာ တစ်စုံတစ်ရာထဲမှာ အသေစွဲမြဲနေသူတွေ မဟုတ်တော့ကာ သူတို့ ဖန်တီးတဲ့ ဝေဒနာ သူတို့ရဲ့ အဲဒီလို မသိစိတ်အခြေ ခံ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ဖော်ထုတ်ပြနိုင်စွမ်း ရှိမယ်ဆိုရင်တော့ အတော်ကလေးစိတ်ဝင်စားစရာ ကောင်းတဲ့ တီထွင်ဖန်တီးမှုတွေဖြစ်လာမှာ မလွဲဘူး။ တင်မိုးရဲ့ ကဗျာဖန်တီးမှုတွေဟာ သူ့ဘ၀ရဲ့ ပြည်ပြေးဘ၀ တွေ့ကြုံခံစားမှု တွေကို အကောင်းဆုံးဖော်ပြနိုင်စွမ်းရှိတယ် ။ အိမ်လွမ်းစိတ်ဆိုတဲ့ တစ်ဖက်စွန်းမှာ ရပ်မနေဘဲ ၊ ရောယှက်နေတဲ့ ဇုံအတွင်း မှာ စာဖတ်သူတွေကို Hybridity ဆိုတာကိုပေးအပ်တယ်။ အဲဒီလို ပေးအပ်နေတာကကိုဘဲ ပြည်ပြေဘ၀ တွေ့ကြုံခံစားမှု ဆိုတာနဲ့ စာဖတ်သူကို တိုက်ရိုက်ကျကျ ထိစပ်ပေးနေတာပဲ လို့ဆိုချင်တယ်။ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...