Thursday, February 12, 2015

အခုမှတော့လွန်ခဲ့ပြီမောင်ရယ်


အနွေးထွေးဆုံးရင်ခွင်ထဲမှေးစက်ရင်းခေါင်းလေးမော့ကာခေါ်မိသည်
'မောင်'
ဘာလဲဆိုသည့်အဓိပ္ပါယ်ဖြင့်မောင်ကမေးဆတ်ပြသည်
'ဘာလဲမခေါ်ရဘူးလား'
'ဘာတုန်း'
'မောင်လို့မခေါ်ရဘူးလားလို့'


ရစ်ဖို့ကြံမည်ရှိသေးသည်
နဖူးဆီသို့ထိကပ်လေသောမောင့်အနမ်းလေးများကအားအင်တို့ရုတ်ခြည်းမဲ့သွားစေခဲ့သည်
'ဟွန့်နော်
မောင်လူဆိုး'
မောင် ကျွန်မ၏လင်ယောကျာ်းတစ်ဖြစ်လဲမောင့်ကိုကျွန်မအရမ်းချစ်သည်
ကျွန်မရည်းစားများခဲ့သည်
မောင့်ကိုတော့ချစ်မိသည်
အနမ်းများစွာခံယူခဲ့ဘူးသည်
မောင့်အနမ်းများကတော့ရင်ခုန်လှိုက်မောစေသည်
လက်တွဲလို့အရင်လူတွေနှင့်လျှောက်ဖူးခဲ့သည်
မောင်ကျွန်မလက်ကိုတွဲထားရင်တော့ရင်ဖိုမှုကိုခံစားရသည်
အထွေးအပွေ့များစွာခံခဲ့ရဖူးသည်
မောင်ဖက်ထားရင်တော့လောကကြီးကိုပင်မေ့လျော့နေမိသည်
နားလည်မှုမရှိသဖြင့်အရင်အတွဲပေါင်းများစွာနှင့်ပြတ်စဲခဲ့ရသည်
မောင်ကတော့ကျွန်မ၏ငယ်စဉ်ရူးမိုက်မှုတစ်ခုကိုပင်နားလည်ပေးနိုင်ခဲ့သည်
တွေးရင်းတွေးရင်းရင်ထဲမကောင်းဖြစ်လာသည်
ရင်ဝမှာဆို့နင့်နေသည်
မောင် ............မောင်ရယ်
ကျွန်မငိုကြွေးနေမိသည်
အချိန်တွေသာနောက်ပြန်ဆုတ်လို့ရရင်
မောင့်ကိုလေ ပေးနိုင်ခဲ့မှာပါ
အခုမှတော့ အခုမှတော့ လွန်ခဲ့ပြီမောင်ရယ်
အတိတ်ကာလမြင်ကွင်းတစ်ခုမျက်စိထဲဝင်လာခဲ့သည်
နေကပူပူ
ထီးယူရမှာပျင်းသောကျွန်မ
အမိုးအကာမရှိသောကားဂိတ်ဝယ်
ပြင်းရှရှနေရောင်ဒဏ်ကိုအလူးအလဲမတ်တပ်ရပ်၍ခံနေရသည်
မကျေမနပ်ဖြင့်ကောင်းကင်သို့မော့ကြည့်နေဆဲ
ကျွန်မ၏မိုးကောင်းကင်ကြီးရုတ်ခြည်းမှောင်မည်းသွားသည်
ဖြတ်ခနဲလှမ်းကြည့်လိုက်တော့
ယောကျာ်းလေးတစ်ယောက်ကျွန်မကိုထီးလာမိုးပေးထားတာဘဲ
'ကျေးဇူးနော်'
'ဟုတ်ကဲ့'
ယောကျာ်းသားများ၏အရောဝင်သည့်အကွက်ပေါင်းစုံကိုနှောကြေနေသောကျွန်မသူ့ဆီကမိတ်ဆက်စကားပြောလာဦးမလားဟုထင်နေမိသေးသည်
'''မောင်''' ကျွန်မ၏'''မောင်'''အလောင်းအလျာလေးကတော့ကျောက်ရုပ်အလား
'နှင်းနွယ် နင့်အမေဆေးရုံရောက်နေတယ်
သွေးဆင်းတာမရပ်လို့တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာတင်ထားတယ်'
ဖုန်းကိုချမန်နေဂျာကိုပြောပြီးအပြေးအမေ့ဆီသွားမိသည်
ဆေးရုံရောက်တော့အမေကသတိမေ့ဆဲ
'ဒီလူနာနဲ့ဘာတော်ပါသလဲ'
'သမီးပါ'
'ဒါဆိုသွေးဘဏ်မှာသွေးသွားရှာပါ
လူနာကဒီညအထိမှသွေးမသွင်းနိုင်ရင်အန္တရာယ်ရှိပါတယ်
လူနာ့သွေးက O negative ပါ အရမ်းရှားလို့အခုကတည်းကရှာစေချင်ပါတယ်
ဒီစာရွက်လေးယူသွားပါ'
နာစ့်မလေးတစ်ဦးကပြောနေရင်းလှမ်းပေးသည်
'ဟုတ်ကဲ့'
ခြေဦးတို့ကိုသွေးလှူဘဏ်သို့လှည့်မိသည်
သွေးဘဏ်ရောက်ပြီ
ကောင်တာတစ်ခုကိုမေးကြည့်မိသည်
'ဆရာမ O negative သွေးလေးတစ်အိတ်လောက်လိုချင်လို့ပါ
'O negative လား'
'ရှာပေါ့အေ'
'ရှင်'
'ဒီမှာရယ်ဒီတော့ဘယ်သောအခါမှမရှိဘူး
အရမ်းရှားတယ်
ဟိုကောင်တာသွားပြီး O negative သွေးလှူရှင်တွေစာရင်းတောင်း
ဖုန်းဆက်ပြီးလှူနိုင်လားမေး
အဲဒါပြောတာ'
'အော်ဟုတ်ကဲ့ ဟုတ်ကဲ့'
ဖုန်းဆက်သည် ဖုန်းဆက်သည်
လမပြည့်သေးတာ
နေမကောင်းတာ
ဖုန်းမကိုင်တာ
ဖုန်းခေါ်လို့မရတာ
ဖုန်းပိတ်ထားတာ
နယ်ဘက်ရောက်နေတာ
မလှူနိုင်တာ
အစရှိသောအခက်အခဲများကိုတွေ့ကြုံရင်း
ကျွန်မမျက်ရည်ပင်ဝဲလာမိသည်
ဒီစာမျက်နှာ၏နောက်ဆုံးဖုန်းတစ်လုံး
ဆက်ဖို့ပင်အားမရှိတော့
အမေ့အတွက်ဘဲလေ အားတင်းရ၏
ဖုန်းနံပတ်ကလေးကိုသေချာကြည့်နှိပ်မိသည်
တီ...........တီ...........တီ........,
စက္ကန့်တိုင်းရင်ခုန်နေမိသည်
'ဟဲလို'
'ဟုတ်ကဲ့ ကိုထက်လွင်လားရှင်'
'ဟုတ်ပါတယ်'
'အဲဒါဆိုကူညီပါဦး အစ်ကိုရယ်
ကျွန်မအမေသွေးလိုနေလို့ပါ
ဒီနေ့မှမရနိုင်ရင်အန္တရာယ်ရှိလို့ပါ
ကူညီပါဦးအစ်ကိုရယ်'
ပြောနေရင်းရှိုက်သံကလေးများပင်ထွက်လာသည်
'ရပါတယ် ကျွန်တော်လာခဲ့ပါ့မယ်'
'ရှင်တကယ်လား ကျေးဇူး...ကျေးဇူးပါအစ်ကိုရယ်'
'အခုဘယ်နားလာခဲ့ရမလဲ'
'သွေးဘဏ်လား'
'ဟုတ်ကဲ့အစ်ကို စောင့်နေမယ်နော်'
'အဲဒီနားရောက်ရင် ဖုန်းပြန်ဆက်လိုက်မယ်'
'ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးပါရှင်'
စိတ်ထဲဘယ်လိုအားရှိသွားမှန်းမသိ
'ကျေးဇူးပါအစ်ကိုရယ်'
Taxi တစ်စီးပေါ်ကယောကျာ်းလေးတစ်ဦးဟိုကြည့်ဒီကြည့်ဆင်းလာသည်
ဖုန်းကိုကိုင်ကာဖုန်းနံပတ်တစ်ခုကိုဆက်နေသည်
ကျွန်မ၏ဖုန်းသံမြည်လာသည်
ဟိုအစ်ကိုဘဲ
ကျွန်မဝမ်းသာအားရလက်ပြမိသည်
သူပြုံးသွားသည်
ပြီးနောက်ကားလမ်းကူးကာကျွန်မဆီလာနေခဲ့သည်
ထိုခြေလှမ်းကလေးများကကျွန်မ၏နှလုံးသားဆီသို့တည့်တည့်မတ်မတ်လျှောက်လှမ်းလာသောခြေလှမ်းများလည်းဖြစ်သည်ကို ထိုစဉ်ကတော့ကြိုမမြင်နိုင်ခဲ့လေပါ
သွေးလှူပြီးစပ်စုကြည့်တော့မှသူကကျွန်မထက်တစ်နှစ်ငယ်သည်
ထူးဆန်းသည်ကကျွန်မကိုသူမှတ်မိနေသည်
ကျွန်မကရုတ်ခြည်းမမှတ်မိ
နောက်မှကျွန်မမိုးကောင်းကင်ကိုမှောင်မည်းစေခဲ့သူလေးဖြစ်မှန်းမှတ်မိတော့သည်
'မောင်လေးတို့သွေးကအရမ်းရှားတယ်နော်'
'ဟုတ်'
'မောင်လေးဘယ်နှစ်ခေါက်လှူဖူးလဲ'
'ဒါနဲ့ဆို လေးခေါက်ပါ'
ထို့နောက် မောင်.....လေး ပြုံးသည်
'မောင်.....လေး' အပြုံးမှာကျွန်မမျောပါသွားသည်ကိုဝန်ခံရပေမည်
နောက်နေ့ကျတော့နေသာရဲ့လားလို့ကျွန်မဖုန်းဆက်မိသည်
နောက်ပိုင်းကျတော့ မောင်.....လေး ကအရင်ဖုန်းဆက်ဆက်လာတတ်သည်
အပြင်မှာလည်းတွေ့ဖြစ်ကြသည်
ဒီလို ဒီလိုနှင့်တစ်နှစ်ကြာလာသောအခါ
ပိုပိုတိုးလာသောသံဃောဇဉ်နွယ်ကလေးများအကြားမှ 'မောင်.....လေး'
၏နှလုံးသားလေးကကျွန်မကိုခိုးခိုးကြည့်နေတတ်ကြောင်းကျွန်မသိလာသည်
တစ်နေ့သ၌တော့ရဲရဲပင်မကြည့်ဖူးသေးသောကျွန်မကိုမောင်စူးစူးစိုက်စိုက်ကြည့်နေသည်
ကျွန်မရင်တွေခုန်လာသည်
'အစ်မ နှင်းနွယ်' ဟုခေါ်ပြီး
မောင် ကျွန်မလက်ကလေးတွေကိုဆုပ်ကိုင်လာသည်
ခြေဖျားလက်ဖျားတွေအေးစက်လာခဲ့သည်
'ချစ်တယ် အစ်မရယ်'
ကျွန်မရှက်သွေးဖြာသွားသည်
ရင်တွေလည်းတဆတ်ဆတ်တုန်လာသည်
စိတ်ကိုသာမနည်းထိန်းမထားနိုင်ခဲ့လျှင်တစ်ခါတည်းခေါင်းငြိမ့်မိမည်ထင်သည်
ကျွန်မပြေးထွက်လာခဲ့မိသည်
မောင့်မျက်နှာလေးဖြူဖျော့၍ကျန်ခဲ့သည်
မောင့်ကိုမချစ်လို့မဟုတ်ပါဘူး မောင်ရယ်
မောင့်အရှေ့မှာရပ်တည်နိုင်စွမ်းမရှိတော့တာ
မောင့်အကြည့်နဲ့မောင့်အပြုံးတွေကိုရင်မဆိုင်ရဲတော့လို့ပါမောင်ရယ်
မောင့်ကိုတစ်ပတ်ကြာတော့ ဖုန်းဆက်မိသည်
'မ...နှင်း ကျွန်တော့်ကိုငြင်းမလို့လားဟင်'
ဟုပြန်ဖြေသောညောင်နာနာအသံလေးကျွန်မမမေ့သေး
အပြင်မှာတွေ့ကြသည်
မောင့်မျက်နှာမှာသွေးမှကျန်သေးရဲ့လားဟုတွေးရအောင်
ဖြူဖျော့နေသည်
'မောင်'
'အစ်မရယ်ပြန်မချစ်နိုင်ဘူးဆိုလဲမပြောပါနဲ့တော့ဗျာ
ကျွန်တော်ခံစားနိုင်မှာမဟုတ်ဘူး
အစ်မ မချစ်နိုင်ဘူးဆိုလဲကျွန်တော်ထွက်သွားပေးပါ့မယ်အစ်မရယ်'
ကြည့် သူ့ကိုမောင်ဟုပြောင်းခေါ်နေတာတောင်သတိမထားမိဘဲပြောချင်ရာပြောနေသည်
'မောင်'
သူ့ခေါင်းလေးထောင်လာသည်
'မောင်...လေး'
ခေါင်းငိုက်စိုက်ပြန်ကျသွားသည်
'မောင် ရယ် အရမ်းချစ်ပါတယ်တဲ့ရှင်'
ချက်ချင်းလူပါမတ်တပ်ရပ်သွားသည်
' ဗျာ အစ်မဘယ်လိုခေါ်လိုက်တယ်'
'မောင်လို့လေ'
'ပြန်ခေါ်ပါဦး'
'မောင်ရေလို့'
'အဟားဟား ပျော်လိုက်တာ'ဆိုပြီးထခုန်ပြီးမြူးတူးနေသည့်မောင့်မျက်နှာလေးလည်း
ယနေ့တိုင်မမေ့နိုင်သေး
ဒီလိုနှင့်မောင်နှင့်ကျွန်မချစ်သူတွေဖြစ်လာခဲ့သည်
အချိန်ကြာလေလေ မောင့်အပေါ်ပိုပြီးမြတ်နိုးလေးစားလေလေဖြစ်လာသည်
မောင်ကတည်ကြည်သည်
လက်ကလေးကိုင်တာကလွဲရင်ဘာမှအခွင့်အရေးမယူခဲ့
လက်ကလေးတွဲပြီးလမ်းအတူလျှောက်ရတာကိုတော့မောင်အရမ်းသဘောကြဟန်တူသည်
'စိတ်ကိုထိန်းထိန်းထားရတယ်'
'အင် ဘာကြီးလဲ'
'နှင်းရဲ့လက်ကလေးကိုသာတွဲထားရရင်ကမ္ဘာတစ်ခုလုံးတောင်ပတ်လျှောက်ချင်စိတ်တွေပေါက်ပေါက်လာလို့'
'အမလေးမောင်ရယ်'
'မလုပ်ပါနဲ့'
'နှင်းအသက်ထွက်သွားမှာပေါ့'
မောင်အားရပါးရရယ်သည်
ကျွန်မငေးမောကြည့်နေမိသည်
မောင်ရယ်ပုံလေးကတစ်မျိုးလေးရယ်
ရည်းစားများခဲ့ဘူးသော်လည်းနှလုံးသား၏အတွင်းပိုင်းထဲထိဝင်ရောက်နိုင်ခဲ့သူမရှိခဲ့
ကျွန်မ၏နှလုံးသားအခန်းလေးက Code နှင့်မှဖွင့်နိုင်သောလုံခြုံရေးမြင့်သော့ခတ်ထားသည်ဟု
သူငယ်ချင်းများကိုအမြဲနောက်ဖူးသည်
ဒီအပြုံးလေးကတော့ကျွန်မနှလုံးသားတံခါး၏ Code ဖြစ်ဟန်တူသည်
မောင့်အတွက်တော့ပွင့်သွားခဲ့လေပြီ
ညဘက်အိပ်ရာပေါ်လှဲရင်းအတွေးနယ်ချဲ့နေမိသည်
ဒီနေ့လည်းမောင်လက်ထပ်ခွင့်တောင်းပြန်ပြီ
မောင်ခွင့်တောင်းနေခဲ့သည်မှာကြာပြီ
ကျွန်မကအတိတ်မှအမှားတစ်ခုကြောင့်မောင့်အပေါ်အားနာစိတ်ဖြင့်နောက်ရွှေ့နေခဲ့သည်မှာလည်းကြာပေပြီ
အချိန်တွေကိုနောက်ပြန်ဆုတ်ချင်မိသည်
အခုမှနောင်တတို့ရနေမိသည်
မျက်ရည်တို့ရစ်ဝိုင်းလာသည်
ကိုယ့်ကိုကိုယ်အပေါစားမိန်းမလို့ထင်ထင်လာမိသည်
ကိုယ့်ကိုကိုယ်ရွံ့မုန်းလာသည်
မျက်ရည်တို့ကအဖွေးသားလျှံကျလာခဲ့ပြီ
အားရပါးရအော်ငိုမိသည်
မောင်ရယ်
မြတ်နိုးရတဲ့မောင်ရယ်
မျက်ရည်တွေလဲသုတ်ဖို့မကြိုးစားမိတော့ပြီ
မောင်လက်ထပ်ခွင့်တောင်းတိုင်းကျွန်မဒီနေ့လိုမျိုးငိုနေခဲ့ရတာဘဲလေ
မနက်ခင်းနိုးလာသည်
'''စာလာတယ်ဗျို့''' ဖုန်းမှစာပို့သမားလေးလွှမ်းပိုင်အသံ
တိုင်ကပ်နာရီကိုလှမ်းကြည့်မိသည်
၆း၀၀ အတိ
မလွဲပါဘူးမောင့်ဆီကပေါ့
ဖွင့်ကြည့်မိသည်
'အိပ်ပုတ်လေးထတော့ မောင်နဲ့ခုနှစ်နာရီချိန်းထားတယ်နော်
မမေ့နဲ့ဦး'
ကြည့်စမ်း ကြည့်စမ်း
လူကိုများအိပ်ပုတ်လေးဘာလေးနဲ့မသွားဘဲဆန္ဒပြလိုက်ဦးမယ် ဟွန့်
ခြေထောက်ကရွေ့သွားသည်
အယ် ပြောသာပြောနေရတာ လူကတော့လှလှလေးဖြစ်အောင်ပြင်ဆင်နေမိရက်သား
ကားစီးလာရင်းနဲ့မှမောင့်အကြောင်းထပ်တွေးမိသည်
နွေးထွေးလွန်းလှသည့်မောင်
နူးညံ့လွန်းအားကြီးသည့်မောင်
ကြင်နာတတ်လွန်းသည့်မောင်
ယုယတတ်လွန်းသည့်မောင်
မေတ္တာအပြည့်နှင့်မောင်
အရင်ရည်းစားတွေအနက်ကအချို့သောကောင်လေးများကိုချစ်တတ်လှပြီထင်ခဲ့တာ
မောင်ကျတော့အပြတ်အသတ်ကိုကွာခြားလွန်းလှသည်
မောင့်ကိုဖခင်တစ်ယောက်လိုအားကိုးနိုင်သည်
ကျွန်မဆိုးသမျှသည်းခံ
ဖြစ်ချင်တာမှန်သမျှလုပ်ပေး
စိုးရိမ်ပူပန်တတ်တာလည်းနှစ်ယောက်မရှိဘူးရယ်
တစ်ခါကကျွန်မသူငယ်ချင်းများအရင်ရည်းစားများနည်းတူစမ်းသပ်ကြသည်
ဒါကျွန်မတကယ်ချစ်မိတဲ့လူပါ မလုပ်ပါနဲ့ဆိုတာကို
'တော်ပြီ တော်ပြီ'
'နင့်အချစ်ဆိုတာကိုငါတို့မယုံဘူး အဲဒီတော့အရင်လူတွေအတိုင်းဘဲကျပ်ပေးရမယ်'
မောင့်ဖုန်းနံပတ်ကိုသူတို့ဆက်ကြသည်
'ကိုထက်လွင် ရုံးမှာနှင်းနွယ်မူးလဲလို့အမြန်လာခဲ့ပါဦး'
အယ် ကျွန်မမေ့နေသည်
ဒီနေ့အရေးကြီးသောအစည်းအဝေးရှိကြောင်းမနက်ကမောင်လှမ်းပြောထားသည်
'မောင့်ကိုစနေတာ' ဟုပြောဖို့ဖုန်းလှမ်းဆွဲသည် မမှီတော့
မောင်ဖုန်းကိုအရင်ချသွားခဲ့သည်
'နင့်လူကြီးကတစ်ခွန်းဘဲပြောရသေးတယ် ချသွားတယ်ဟ'
ငါးမိနစ်မျှပင်မကြာ
မောင်ရောက်ချလာသည်
မောင့်တစ်ကိုယ်လုံးလည်းချွေးတွေရွဲရွဲစိုနေသည်
လူပုံစံကမောဟိုက်နေသည်
သို့သော်လည်းလူတကာကိုကျွန်မဘယ်မှာရှိလဲအရူးမီးဝိုင်းမေးနေသည်
အရင်ကတည်ငြိမ်ခန့်ညားသောမောင့်သွင်ပြင်ခဏပျောက်နေသည်
ကျွန်မနှလုံးသားတွေသည်းမခံနိုင်တော့
အကွယ်ရောက်အောင်တမင်တကာဆွဲထားသောသူငယ်ချင်းများထံမှပြေးထွက်လာခဲ့သည်
မောင်ကျွန်မကိုမြင်သွားပြီးအပြေးရောက်လာသည်
ပခုံးနှစ်ဖက်ကိုကိုင်ရင်းတစ်ကိုယ်လုံးဟိုကြည့်ဒီကြည့်လုပ်နေသောကြောင့်ကျွန်မရှက်လာသည်
'ဘာကြည့်တာလဲလို့'
'နှင်း.....နှင်း ဘာမှမဖြစ်ဘူးနော်'
'တော်သေးတာပေါ့...နှင်းရယ်'
အသံတို့တိုးလျသွားသည်
မောင်ကျွန်မကိုတင်းတင်းကျပ်ကျပ်ဖက်လိုက်သည်
'မောင်စိုးရိမ်လိုက်ရတာ'
ချစ်သူသက်တမ်းနှစ်နှစ်အတွင်းပထမဦးဆုံးနှင့်တစ်ကြိမ်တည်းသာရရှိခဲ့သောအပွေ့အဖက်ကလေး
ရင်ထဲအေးချမ်းလွန်းလှပါသဖြင့်အခုလည်းမောင်ထွေးပွေ့ထားတာကိုခံယူချင်နေမိသည်
ရုတ်ခြည်းရယ်မိသည်
အမှန်ပြောရင်တော့စိတ်မဆိုးရဘူးနော်မောင်
'မောင်က ချွေးစော်အရမ်းနံ့တာသိလား'
'ဟိ ဟိ'
ဒီစကားမောင်ကြားရင်တော့ကျွန်မထိပ်ဖုတော့မည်
သူငယ်ချင်းတစ်ယောက်လိုအားကိုးနိုင်သည်
ဘယ်သွားမယ်ဆိုလိုက်ပြီးသား
ဟိုဟာလေးလိုချင်တယ်ဆိုဝယ်ပေးပြီးသား
ရင်ဖွင့်တယ်ဆိုလည်းနားထောင်ပေးပြီးသား
တစ်ခါတစ်ရံ တစ်နာရီ နှစ်နာရီ ကြာသွားလည်းအပြုံးမပျက်နားထောင်ပေးတတ်သူ
ကျွန်မမျက်နှာလေးညှိုးနွမ်းနေရင်မနေတတ်ပါဘူးဆိုတဲ့သူ
ကျွန်မကိုဥယျာဉ်မှူးတစ်ယောက်လိုအရိပ်တကြည့်ကြည့်ပြုစုယုယပေးတတ်သူ
မောင်ငယ်တစ်ယောက်လိုခင်တွယ်နိုင်သည်
သူ့အတွက်ဟင်းလေးဘာလေးများချက်ပြီးယူသွားပေးရင်ဝမ်းသာအားရစားပြတတ်သူ
လက်ဆောင်လေးတစ်ခုခုသတိတရလေးပေးရင်တစ်နေ့လုံးမြူးနေတတ်သူ
'မောင် ဒီနေ့နှင်းအားတယ်' လို့များဖုန်းဆက်မိရင်ဘေးနားချက်ခြင်းရောက်လာတတ်သူ
သူ့ကိုသဝန်တိုပြမိလျှင်စိတ်တိုဖို့အစားဟက်ဟက်ပက်ပက်ရယ်ပြီးသဘောကျတတ်သူ
ကျွန်မဘေးနားယောကျာ်းလေးတစ်ယောက်ရှိလျှင်မျက်နှာသုန်မှုန်နေတတ်သူ
ထိုသူကလေး'''မောင့်'''အားလည်းကျွန်မအရမ်းချစ်မိနေပြီ
ဘာကြောင့်အချိန်ဆွဲနေရသနည်းဟုသူငယ်ချင်းများမေးနေပါသည်
ကျွန်မအပေါ်ကောင်းလွန်းလှသော မေတ္တာစစ်ဖြင့်ချစ်မြတ်နိုးပေးသူ နွေးထွေးယုယ
ကြင်နာတတ်သူမောင့်အားကျွန်မ၏ဘဝကိုပုံအပ်ရန်ရှက်ရွံ့နေသည်
ကျွန်မရဲ့ဘဝ ကျွန်မရဲ့ခန္ဓာကလေ အပျိုမစစ်တော့ဘူးမောင်ရယ်
မောင်ရယ်
နှင်းရဲ့ပန်းဦးအဖူးအပွင့်လေးကိုမောင့်ကိုမပေးနိုင်တော့ဘူး
ရူးရူးမိုက်မိုက်အရွယ်ကအချစ်စစ်တယ်ဆိုရင်ပေးပါလို့တောင်းဆိုခဲ့တဲ့
နှင်းရဲ့အချစ်ဦးဆီ Feb 14 ရက်နေ့မှာပုံအပ်ခဲ့မိတယ်
စိတ်ကူးနဲ့တခြားစီ
သရဲဘီလူးစီးနေသလိုပြုကျင့်ခံခဲ့ရတယ်
ကိုယ့်ကိုကိုယ်ယူကြုံးမရဖြစ်လွန်းလို့ဝမ်းနည်းပက်လက်ငိုကြွေးခဲ့တယ်
ကိုယ့်ကိုကိုယ်ရွံ့ရှာစက်ဆုပ်လာခဲ့လည်း
အော်ယောကျာ်းတိုင်းဒီလိုဘဲဖြစ်မှာပါလေ
ငါသူ့ကိုချစ်တာဘဲသည်းခံရမှာပေါ့ဆိုတဲ့အတွေးနဲ့
နောင်အခါပေါင်းများစွာလည်းအတူနေခဲ့ဘူးတယ်
နောက်တော့အစာဝပြီးရိုးအီသွားလို့ပစ်သွားခဲ့တယ်
အရူးမီးဝိုင်းပါဘဲ ကံတရားကမျက်နှာသာပေးခဲ့တာကဘာမှအကာအကွယ် ဆေးမသုံးခဲ့ပေမယ့်လည်း
ကိုယ်ဝန်မရခဲ့ဘူး
သူငါ့ကိုတကယ်ချစ်တာပါ
တကယ်လက်ထပ်မှာပါလေဆိုတဲ့ယုံကြည်ချက်အပြည့်အဝရှိနေတာတောင်
ပျို့တက်လာတိုင်းငါကိုယ်ဝန်ရှိနေပြီလားလို့တွေးမိတဲ့စိတ်ဒုက္ခ
ကိုယ်ဝန်စစ်ကိရိယာဝယ်ပြီးတိုင်းတိုင်းနေရတဲ့ဒုက္ခ
ဘယ်နေ့များငါ့ကိုတည်းခိုခန်းမှာချိန်းဦးမလဲမသိဘူးလို့စိတ်ထင့်နေတဲ့ဒုက္ခတွေကခံစားရခက်လိုက်တာမောင်ရယ်
တကယ်တော့ sex ဆိုတာကြီးကထင်ကြသလောက်လဲမိန်းမတွေအတွက်အရေးမပါလှပါဘူးမောင်ရယ်
အားငယ်နေချိန်တိုင်း
စိတ်ဓာတ်ကျနေချိန်တိုင်း
ဝမ်းနည်းနေချိန်တိုင်း
အနားယူအားဖြည့်အိပ်စက်မှီခိုတွယ်ဝင်နိုင်မယ့်မောင့်ရင်ခွင်လို
နွေးထွေးတဲ့ရင်ခွင်တစ်စုံသာလိုအပ်ပါတယ်
ကျွန်မကတော်သေးတယ်မောင်ရယ်
အချို့အသိတွေဆိုဓာတ်ပုံတွေရိုက်ထားပြီးအခုထိခြိမ်းခြောက်ခံနေရ
ဗီဒီယိုအရိုက်ခံထားရပြီး online ပေါ်ဖြန့်ကြလို့အရှက်တကွဲနဲ့သတ်သေကြ
တစ်ယောက်မကဘဲအခြားယောက်ျားလေးတွေကပါဆွမ်းကြီးဝိုင်းလောင်းခံရတဲ့ဘဝမျိုးမရောက်တာတော်ပါသေးတယ်
အခုလိုပြန်တွေးမှရင်တမမချမိတယ်
ပြီးတော့ကံတရားကရက်စက်လွန်းပါတယ်မောင်ရယ်
ကျွန်မကိုမောင့်လောက်မမြတ်နိုးနိုင်တဲ့ယောကျာ်းတွေ
ကျွန်မကိုမောင့်လောက်မကြင်နာနိုင်တဲ့ယောကျာ်းတွေ
ကျွန်မကိုမောင့်လောက်မနွေးထွေးနိုင်တဲ့ယောကျာ်းတွေ
ကျွန်မကိုမောင့်လောက်နားမလည်ပေးနိုင်တဲ့ယောကျာ်းတွေ
ကျွန်မကိုမောင့်လောက်မချစ်ပေးနိုင်တဲ့ယောကျာ်းတွေထဲက
တစ်ယောက်ယောက်နဲ့သာလက်ထပ်ဖြစ်မယ်ဆိုလဲရှက်ရွံ့နေစရာမလိုဘဲ
အတိတ်ဆိုးကိုဖုံးဖိလို့လက်ထပ်နိုင်ဦးမယ်
အခုတော့တစ်ခုတည်းသောအချစ် ပြိုင်စံကင်းတဲ့မေတ္တာ တုနှိုင်းမမှီတဲ့နွေးထွေးမှု
လိုက်မမှီနို်င်လောက်တဲ့နားလည်မှုအပြည့်ရှိတဲ့မောင့်လိုလူမျိုးနဲ့ဆုံတွေ့ပေးခဲ့တယ်
ကိုယ်အပေါ်မြတ်နိုးတန်ဖိုးထားပြီး ကိုယ်ကလည်းမြတ်နိုးတွယ်တာမိနေတဲ့
လူကိုတစ်ပတ်ရစ်ပစ္စည်းမပေးချင်တာလို့သုံးရင်ကျွန်မအခုဖြစ်နေတဲ့စိတ်သဘောကိုနားလည်ပေးနိုင်မလားရှင်
အပျိုဂုဏ်ကိုထိန်းထားလေဆိုတဲ့စကားကိုအရင်ကနားမလည်ခဲ့ဘူး
မောင်နဲ့တွေ့မှနားလည်ခဲ့ပြီ
လွန်ခဲ့ပြီမောင်ရယ်
အဲဒီအချိန်ကသာပြတ်ပြတ်သားသားငြင်းဆန်ခဲ့ရင်
အချစ်စစ်နဲ့ကျောရရုံကြံဖို့ဟန်ဆောင်ကောင်းနေတာကိုသာခွဲမြင်နိုင်ခဲ့ရင်
မောင့်ကိုလေ ကျွန်မရဲ့ပန်းဦး ပန်းဖူးကလေးကိုပေးနိုင်ခဲ့မှာ
အခုမှတော့ ........
အခုမှတော့ ........လွန်ခဲ့ပြီမောင်ရယ်
Minctionary
အမျိုးသမီးကလေးများမိမိတို့၏အပျိုဂုဏ်ကိုတန်ဖိုးထားတတ်စေရန်
Feb 14 ရက်နေ့သာမကဘယ်နေ့မဆိုတစ်ပတ်နွမ်းတစ်ပတ်ရစ်ပစ္စည်းကလေးများမဖြစ်အောင်ပြတ်ပြတ်သားသားငြင်းဆန်ရဲရန်နှင့်
မိမိအပေါ်တကယ်တန်ဖိုးထားမြတ်နိုးယုယကြင်နာတတ်သူကိုမှမင်္ဂလာဦးညအိမ်ထောင်ဦးတွင်မိမိတို့၏အပျိုစင်ဘဝလေးကိုရင်တဖိုဖိုနှင့်ပေးဆပ်နိုင်ရန်ရည်စူးပါသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...