Wednesday, January 14, 2015

''မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုတွေကတဖြည်းဖြည်းအရှိန်နှေးလာတာနဲ့ရပ်တန့်သွားနိုင်ပါတယ်'' မြန်မာ့စီးပွားရေးရာကျွမ်းကျင်သူ Mr. Sean Turnellနှင့်တွေ့ဆုံခြင်း


နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်ဖို့ဆိုရင် ဘဏ်လုပ်ငန်းအခန်းကဏ္ဍကိုပစ်ပယ်လို့မရပါဘူး။ ဘဏ်လုပ်ငန်းဆိုတာလည်းစနစ်တကျပွင့်လင်းမြင်သာမှုရှိမှဖွံ့ဖြိုးလာမှာပါ။ဆက်လက်ပြီးတော့လည်းအခုအချိန်မှာဆိုရင် ဘဏ်လုပ်ငန်းမှာနည်းပညာဆိုတာအရေးကြီးလာပါတယ်။ ပြည်တွင်းရဲ့နည်းပညာနနိုင်ငံတကာနည်းပညာပေါင်းစပ်လိုက်ရင် မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းမှာ ကြီးထွားလာမှာဖြစ်ပါတယ်။
ဒါကြောင့်ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံငွေကြေးဈေးကွက်ကို နှစ်ပေါင်းအတော်ကြာသုတေသနလုပ်နေတဲ့ Mr. Sean Turnellနဲ့ မေးမြန်းထားတာကို တင်ပြပေးလိုက် ပါတယ်။
-အခုအစိုးရအနေနဲ့ နိုင်ငံခြားဘဏ်ကိုးခုကို မြန်မာပြည်မှာလုပ်ကိုင် ခွင့်ပြုလိုက်ပါပြီ။ အစိုးရရဲ့ပြောင်းလဲမှုအတွက် ဘယ်လိုမြင်ပါလဲ။ အပြုသဘောဘက်ကဆိုရင် ဒီလိုအစိုးရအနေနဲ့ နောက်ဆုံးခွင့်ပြု လိုက်တဲ့ပြောင်းလဲမှုအတွက် ဘယ်လိုမြင်ပါလဲ။
နိုင်ငံခြားဘဏ်တွေကိုခွင့်ပြုတာဟာအပြုသဘောဆောင်တဲ့ မူဝါဒရေးရေအရ တိုးတက်မှုဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာရင်းနှီးမြုပ်နှံမှုတွေလိုအပ်နေပါတယ်။ အဆင့်မြင့်နည်းပညာတွေ၊ နည်းစနစ်တွေလိုအပ်နေပါတယ်။ အဲဒါတွေက နိုင်ငံခြားဘဏ်တွေ ကနေယူလာပေးနိုင်ပါတယ်။ အမှန်တကယ်ဆိုရင် နိုင်ငံခြားဘဏ် တွေဟာငွေကြေးရင်းမြစ်ကြားမှာရှိနေပြီးတော့ မြန်မာလုပ်ငန်းရှင် တွေ၊ စွန့်ဦးတီထွင်သူတွေအတွက် အရင်းအနှီးတွေကိုယူဆောင် ပေးနိုင်ပါတယ်။ ဥပမာအနေနဲ့ အဲဒါတွေဟာစီးပွားရေးအစုအပေါင်းကော်ပိုရေးရှင်းတွေရဲ့အပြင်ဘက်လူတွေ ဖြစ်သင့်ပါတယ်။
-မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ကန့်သတ်မှုတွေဟာရှိနေသေးလားဆိုတာကိုကောဘယ်လိုမြင်ပါသလဲ။ ဒီလိုကန့်သတ်မှုတွေကိုအစိုးရအနေနဲ့ ဘာကြောင့်ဆက်လက်ချုပ်ကိုင်ထားရသလဲဆိုတာကိုကောဘယ်လိုထင်ပါလဲ။
ကန့်သတ်မှုတွေဟာအခြေခံအားဖြင့် နိုင်ငံခြားဘဏ် တွေရဲ့ဝန်ဆောင်မှုတွေ၊ လုပ်ငန်းဆောင်တာတွေကိုအခြေခံပါတယ်။ အဲဒါကနည်းနည်းဆိုးတာပေါ့။ အနည်းဆုံးတော့ အကြောင်းပြချက်လေးတော့ ပြသင့်တာပေါ့။ မြန်မာနိုင်ငံဘဏ်လုပ်ငန်းနဲ့ နိုင်ငံတကာဘဏ်လုပ်ငန်းတွေကြားမှာတုံ့ပြန်မှုတွေများများရှိလာလေလပိုကောင်းလေလေဖြစ်ပါတယ်။ အဓိကအနေနဲ့ များများဆက်စပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်ထင်တယ် သူတို့ကလုပ်ရမယ့်အလုပ် တွေကိုမလုပ်ဘဲရှောင်ရှားခဲ့တာဖြစ်မယ်ထင်တယ်။ အချင်းချင်းချိတ်ဆက်ပြီးတော့ ငွေချေးတာတွေလည်းလုပ်လို့ရတာပဲလေ။
-လာမယ့်သုံးနှစ်၊ ဒါမှမဟုတ် ငါးနှစ်မှာ မြန်မာဘဏ်တွေအနေနဲ့ နိုင်ငံတကာဘဏ်တွေနဲ့ယှဉ်နိုင်မယ့်အနေအထားရှိသလား။ ယှဉ် နိုင်ဖို့အတွက် အချိန်ဘယ်လောက်ထိကြာဦးမှာလဲ။
ဟုတ်ကဲ့။ ကောင်းတဲ့တစ်ခုကိုတော့မျော်လင့်ပါတယ်။ မြန်မာဘဏ်လုပ်ငန်းရှင်တွေအနေနဲ့ သူတို့က မြန်မာပြည်အကြောင်းကောင်းကောင်းသိတယ်။ ပြီးတော့ Networkကောင်းတယ်။ စသဖြင့်ပေါ့။ ဒါ့ပြင် နိုင်ငံခြားဘဏ်တွေကလည်း ပြည်တွင်းဘဏ် တွေလုပ်နေတဲ့ဈေးကွက်ကိုလည်း စိတ်ဝင်စားမှာမဟုတ်ပါဘူး။ နိုင်ငံခြားဘဏ်တွေက ပြည်တွင်းစီးပွားရေး၊ ပြည်တွင်းရဲ့ယဉ်ကျေးမှုတွေ စသဖြင့် ပြည်တွင်းနဲ့ပတ်သက်တာတွေ အဲဒါတွေကို စိတ်ဝင်စားမှာမဟုတ်ပါဘူး။ သူတို့က ပြည်တွင်းဘဏ်တွေနဲ့ယှဉ် နိုင်မှာမဟုတ်ပါဘူး။ ပြည်တွင်းဖောက်သည်တွေရရှိနိုင်မှုနဲ့ပတ် သက်ပြီးတော့လည်းယှဉ်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ပြည်တွင်းဘဏ်တွေအနေနဲ့ နိုင်ငံခြားဘဏ်တွေကိုကြောက်နေစရာမလိုပါဘူး။ ဒါတွေက ပြည်တွင်းဘဏ်တွေရော၊ ပြည်ပဘဏ်တွေပါ ဈေးကွက်ကိုတစ်နေရာတည်းမှာလုနေစရာမလိုပါဘူး။ ဈေးကွက်ကို ကြီးအောင်လုပ်ဖို့သာလိုတယ်။
-မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍရဲ့မဝေးတဲ့အနာဂတ်ကို ဘယ်လို မြင်ပါသလဲ။ အခုလက်ရှိ မြန်မာအစိုးရအနေနဲ့ ဘာတွေကိုအရင်ဖြေရှင်းဖို့လိုနေလဲ။
ကျွန်တော်ကတော့ ယခုအသစ်ထွက်လာမယ့် ဘဏ် လုပ်ငန်းဆိုင်ရာဥပဒေတွေအတွက် နည်းနည်းစိုးရိမ်မှုရှိပါတယ်။ ဘဏ်တွေကိုစီးနင်းတိုက်ခိုက်တာတွေ၊ ပြုပြင်ပြောင်းလဲမှုတွေကိုမကြိုက်တဲ့လူတွေရဲ့ရန်တွေကိုနည်းနည်းစိုးရိမ်ရပါတယ်။ ၁၉၉၀ ပြည့်နှစ်ရဲ့ မြန်မာ့ဘဏ္ဍာရေးဆိုင်ရာဥပဒေတွေကို ပြန်လည်ပြင်ဆင် မှုတွေကအရမ်းကိုလိုအပ်နေပါတယ်။ ဘဏ်လုပ်ငန်းမှာလည်းကန့် သတ်ချုပ်ချယ်မှုတွေအများကြီးပါ။ ဘဏ္ဍာရေးကဏ္ဍကိုအများကြီး ပြုပြင်ပြောင်းလဲမှုလုပ်ဖို့လိုနေပါသေးတယ်။ ဥပဒေတွေပြုပြင်ပြောင်းလဲဖို့လိုသေးတယ်။
-မြန်မာစီးပွားရေးစံချိန်စံညွှန်းတွေဟာအရင်ကလူဦးရေသန်း ၆၀ နဲ့ရေတွက်လာခဲ့ကြပါတယ်။ အခုအဲဒါက ၅၁.၄ သန်းပဲရှိတော့ အဲဒီစံချိန်စံညွှန်းကိန်းဂဏန်းတွေကလူတွေရဲ့စီးပွားရေးလည်ပတ် မှုကိုဘယ်လောက်ထိအကျိုးသက်ရောက်နိုင်ပါလဲ။ ဘာတွေကိုဂရုစိုက်ဖို့လိုအပ်ပါသလဲ။
သိပ်အများကြီးတော့မဟုတ်ပါဘူး။ အဓိကအချက်ကတော့ စီးပွားရေးအများစုဟာလူဦးရေအပေါ်မူတည်ပြီးလုပ်ကြပါတယ်။ ဥပမာ- စီးပွားရေးလုံခြုံမှုမှာသူတို့ရဲ့ကုန်ပစ္စည်းတွေကိုသုံးစွဲကြတဲ့ ဖောက်သည်တွေကိုသူတို့ရဲ့ရှေရှည်စီးပွားရေးအတွက်ပဲဆက်ဆံ ကြပါတယ်။ ဆိုလိုတာကရေရှည်အကျိုးအတွက်ပါ။ အဲဒီလိုမျိုးလူတွေကလက်ရှိမှာအနည်းငယ်သာရှိပါသေးတယ်။ အရင် လူဦးရေသန်း ၆၀ ကနေအခုလူဦးရေလျော့နည်းသွားတာဟာစီးပွားရေးကဏ္ဍကိုသိပ်များများစားစားပြောင်းလဲမသွားပါဘူး။
-လာမယ့်နှစ်တွေမှာ မြန်မာနိုင်ငံနဲ့အမေရိကနှစ်နိုင်ငံရဲ့စီးပွားရေးအရကူးလူးဆက်ဆံမှုတွေကိုကောဘယ်လိုထင်မြင်မိပါသလဲ။
ကျွန်တော့်အနေနဲ့ ပြဿနာတွေကဆီးကြိုနေတယ်လို့ မြင်ပါတယ်။ အထူးသဖြင့် မျော်လင့်တာပါ။ ဒီလို မြန်မာနိုင်ငံပြုပြင် ပြောင်းလဲမှုတွေကတဖြည်းဖြည်းအရှိန်နှေးလာတာနဲ့ ရပ်တန့်သွား နိုင်ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုနှေးကွေးနေတာကိုအမေရိကအနေနဲ့ တော်တော်စိတ်ပျက်နေပါတယ်။ သေချာသလောက် ပထမတုန်းကတော့ အမေရိကန်အနေနဲ့ တော်တော်လေးအပြုသဘောဆောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြဿနာတွေအများကြီးစောင့်နေတယ်ဆိုတာကိုကျွန်တော်ပြောနိုင်တယ်။ သံသယရှိတယ်။ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာစေတနာရှိပြီးတော့ ကောင်းတာတွေကိုအင်မတန်ဖြစ်စေချင်ပါတယ်။ သူတို့က မြန်မာ နိုင်ငံကိုဒီမိုကရေစီကျကျပြုပြင်ပြောင်းလဲမှုတွေ ဖြစ်စေချင်တယ်။ စစ်မှန်တဲ့ဒီမိုကရေစီကို မြန်မြန်ပြောင်းလဲစေချင်တယ်။ တခြားနိုင်ငံတွေကဒီမိုကရေစီပြုပြင်ပြောင်းလဲတွေမှာကျဆုံးခဲ့တာတွေ နောက် ပြန်လှည့်တာတွေရှိတော့ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြောင်းပြောင်းလဲမှုတွေကိုဂုဏ်ယူစေချင်တယ်။
-အမေရိကန်သမ္မတက မြန်မာနိုင်ငံမှာကျင်းပတဲ့အာဆီယံထိပ်သီး အစည်းအဝေးကိုတက်ဖြစ်တာနဲ့ပတ်သက်ပြီးတော့ မြန်မာ့စီးပွားရေး အသိုက်အ၀န်းအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်ပါသလဲ။
မြန်မာနိုင်ငံမှာဒီလိုမျိုးအစည်းအဝေးတွေကျင်းပတာဟာ နှစ်ပေါင်း ၅၀ လောက် မြန်မာပြည်နဲ့ထိတွေ့ခွင့်မရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် မြန်မာနိုင်ငံဟာသူတို့အတွက် နယ်မြေသစ်ပါ။ ပြီးတော့ အွန်လိုင်းဆက်သွယ်မှုတွေလည်းမြင့်တက်လာပါ တယ်။ နောက်တစ်ဖက်ကဆိုရင်လည်း ဖြစ်နေတဲ့ပြဿနာတွေ၊ ဖြစ်နိုင်ဆဲပြဿနာတွေကိုလက်တွေ့ကျကျရင်ဆိုင်ဖြေရှင်းဖို့အတွက် အခွင့်အရေးရသွားခဲ့တာပေါ့။
-ခြုံပြီးတော့ပြောရရင် မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေတွေကိုဘယ်လိုအကဲဖြတ်ချင်လဲ။
အရင်ကနဲ့စာရင်တော့ ပိုကောင်းလာပါတယ်။ ဒါပေမဲ့ အလှမ်းဝေးနေပါသေးတယ်။ ရာစုနှစ်တစ်ဝက်လောက်စနစ်ဆိုး အောက်မှာရောက်နေတဲ့ မြန်မာ့စီးပွားရေးဟာအခုဆိုရင် မြန်မာ နိုင်ငံအနေနဲ့ စီးပွားရေးအလားအလာ၊ အခွင့်အလမ်းတွေ အများ ကြီးရှိနေပါတယ်။ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုနဲ့ပြုပြင်ပြောင်းလဲမှု ဆိုင်ရာတိုးတက်မှုတွေအတွက် အားလုံးပါဝင်တဲ့အဖွဲ့အစည်းတစ်ခု လိုအပ်နေပါတယ်။ အားလုံးပါဝင်တဲ့အသိုက်အ၀န်းတစ်ကနေ အခုလက်ရှိလုပ်နေတဲ့ပြုပြင်ပြောင်းလဲမှုရဲ့အခက်အခဲတွေ၊ စိန်ခေါ်မှု တွေကိုဖြေရှင်းပေးနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ လက်ရှိအစိုးရဟာပေါ်လစီအသစ်တွေအတွက် ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ အဲဒီမှာအခြေခံကျတဲ့၊ အားလုံးနဲ့သက်ဆိုင်တဲ့အချက်အလက် တွေကတော့ မပါသေးပါဘူး။
+++Mr.Sean Turnellဟာ သြစတြေးလျ၊ ဆစ်ဒနီမှာရှိတဲ့ Macquarie တက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခတစ်ယောက်ဖြစ်ပြီးတော့ မြန်မာစီးပွားရေးကို နှစ် ၂၀ လောက်သုတေသနလုပ်နေတဲ့ သုတေသနမှူးတစ်ဦးဖြစ်ပါတယ်။ ပြီးတော့ အမေရိကန်၊ USAID၊ သြစတြေးလျရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ကုန်သွယ်ရေးဌာန၊ကမ္ဘာဘဏ်၊ The Open Society Foundationစတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ Nordic Institute of Asian Studiesက သူ့ရဲ့ မြန်မာနိုင်ငံငွေကြေးဆိုင်ရာအကြောင်းကိုရေးထားတဲ့Fiery Dragons: Banks, Moneylenders and Microfinance in Burmaဆိုတဲ့စာအုပ်ကိုပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒါ့ပြင် တခြားကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေအတွက် မြန်မာနိုင်ငံဆိုင်ရာအကြံပေးအနေနဲ့ဆောင်ရွက်နေပါတယ်။
(Myanmar B2B Management Magazine,February 2015)
‪#‎B2BInterview

ခိုင်မင်းညို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...