Wednesday, January 21, 2015

ပေတံများ- မျဉ်းလုံးများ-အလွဲများ



                ပေတံသည်မူလကတိုင်းတွာရန်ဖြစ်သည်။သို့သော်-ပေတံယူခဲ့။လက်ဖြန့်စမ်း-ဟု ကျောင်းဆရာ လုပ်သူကဆိုလိုက်သောအခါကျောင်းသားလေးခင်မျာစိတ်ညစ်ရလေပြီ။အတန်းပိုင်ဆရာမက ကျောင်းအုပ် ကိုမကျေနပ်ဖြစ်နေခိုက်။အိမ်ကအမျိုးသားနှင့်ကတောက်ကဆဖြစ်လာခိုက်။သို့မဟုတ်-မျှော်နေသောရီးစား မလာ၍စိတ်ညစ်ညူးနေခိုက်တပည့်များကို ရိုက်နှက်မိသောအခါ ဒေါသစိတ်ကြောင့်လက်လွန်တတ်ပါသည်။
မူလတန်းကျောင်းသားဘ၀ကကျွန်တော်တို့လက်ဖ၀ါးလေးများခြေသလုံးလေးများမှာသေးကွေးနုနယ် လှပြီး -ဒေါသစိတ်ရောနေသော ဆရာမ၏အားနဲ့လွှဲရိုက်ခြင်းခံလိုက်ရသောအခါနီရဲ၍အရှိုးရာများထင်ကျန်ကာ တော်တော်နဲ့ မပျောက်နိုင်ပဲ စိတ်ဆင်းရဲရဖူးလေသည်။
ပေတံကိုဆရာကကျောင်းသားများနှိပ်ကွပ်ရန်ကရိယာအဖြစ်တလွဲသုံးသလိုကျွန်တော်တို့ကျောင်းသားများ ကလည်းကျောင်းလွှတ်ချိန်ဓါးခုတ်တန်းကစားရာတွင်တလွဲသုံးပါသည်။ကျွန်တော်တို့ငယ်စဉ်ကကျောင်း လွှတ်သည်နှင့်လွယ်အိတ်ထဲမှပေတံကိုယ်စီထုတ်၍မကြာခဏဓါးခုတ်ကစားကြပါသည်။ကျွန်တော်တို့ခေတ် ကပေတံများ-အစားစားရှိရာထင်းရူးသားဖြင့်လုပ်သောအစိုးရထုတ်အ၀ါရောင်ပေတံများကိုအုပ်ချုပ်ခဲ့သော အစိုးရမင်းများအခေါ်-ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်း-(ပ-ပက)ပြည်သူ့ဆိုင်များကတဆင့်ဖေါဖေါသီသီရောင်း ပေးသဖြင့်အတော်ဈေးပေါပြီးကျောင်းသားတိုင်းအသုံးများကြပါသည်။ဘယ်ကလာမှန်း-လုပ်မှန်းမသိသော ကော်ပေတံ၊ပလတ်စတစ်ပေတံအမျိုးအစားများမှာမူဈေးအနည်းငယ်များသော်လည်းမျဉ်းညီညီသားရန် အထူးကောင်းပါသည်။သို့သော်ထိုပေတံဖြင့်ရိုက်ခံရလျှင်တော့အတော်စပ်ပါသည်။(အထူးသဖြင့်၂ချောင်းပူးရိုက်လျှင်)တရုတ်မှလာသော-သစ်သား-သတ္တုစပ်ပေတံများမှာမူအတော်ထူ၍ဓါးခုတ်ကစားရန် အထူး ကောင်းမွန်ပါသည်။သူကလက်သန်းလုံးခန့်ထူသည့်အပြင် -မျဉ်းသားရသောစောင်းဘက်မှာ သတ္တုပြားလေး မြုတ်ထားသောကြောင့်ဓါးခုတ်ရာတွင်အစိုးရထုတ်ထင်းရူးပေတံများကိုအလွယ်တကူချိုးဖဲ့နိုင်ပါသည်။ အတန်းဖေါ်တယောက်က ယင်းပေတံကိုဓါးအဖြစ်-စတင်သုံးသောအခါ ကျွန်တော်တို့ပေတံများအားလုံးကို အလွယ်တကူချိုးခုတ်အနိုင်ယူလိုက်သောကြောင့်အရေးနိမ့်သွားသောကျွန်တော်တို့အတော်ဒေါသထွက်ကြရပါသည်။
           သူ့ပေတံကိုမနိုင်သောအခါတရက်တွင်ကျွန်တော်ကအဖေ့စာကြည့်စားပွဲမှမျဉ်းလုံးကိုအသာထည့် သွားပါသည်။မျဉ်းလုံးဆိုသည်မှာပျဉ်းကတိုးသားကိုကျပ်လုံးခန့်လုံးထားသောသစ်သားလုံးဖြစ်ရကား တရုတ် ပေတံကိုမကြောက်ပေ။ကျောင်းသို့ရောက်လျှင်ကျွန်တော်ကသူ့ကိုရင်ဆိုင်၍ဓါးခုတ်ရန်ုစိန်ခေါ်လိုက်ပြီး
နောက် လွယ်အိတ်ထဲမှကျွန်တော့်မျဉ်းလုံးထုတ်လိုက်ပါသည်။ထိုမျဉ်းလုံးကိုသူမြင်သော်ထိတ်လန့်သွားပြီး အဲဒါပေတံမဟုတ်ဘူး ဟု အကြောက်အကန် ပြောပါသည်။ ကျွန်တော်ကလည်း ပေတံဖြစ်ကြောင်း ၊တပေရှိသည်၊မျဉ်းသား၍ရကြောင်းပြောပါသည်။အတန်ကြာငြင်းခုန်နေကြသော်လည်း တကယ်ဓါးခုတ်ပွဲ အစစ်က မဖြစ်ပါ။ ကလေးပီပီ-စကားအနိုင်ယူကျေနပ်ပြီးငြင်းခုန်ခြင်းပြီးဆုံးသွားကြပါသည်။
      ကျွန်တော်တို့သည်ကိုယ့်ပေတံနဲ့ကိုယ်-ထွာခြင်း-၀ါခြင်း-တလွဲအသုံးချခြင်း- နိုင့်ထက်စီးနင်းလုပ်ခြင်း အကျင့်များကိုအသက်ကြီးသည်အထိသယ်လာကြပါသည်။  အဖြူအမဲရုပ်ရှင်ခေတ်တွင်လူကြမ်းမင်းသားက မင်းသမီးအနားကိုကပ်လာပြီးနောက်ကနေသိုင်းချုပ်၍ အသင့်ကိုင်လာသောလက်ကိုင်ပုဝါအဖြူလေးဖြင့် မင်းသမီးမျက်နှာကိုအုပ်လိုက်သောအခါချက်ချင်းလိုပင် မင်းသမီးပျော့ခွေကာလူကြမ်းမင်းသားပွေ့ချီရာ နောက်ပါသွားပါသည်။ငယ်စဉ်ကလူဆိုးမေ့ဆေးတော်တော်စွမ်းပါလားဟုထင်ခဲ့ပါသည်။ပထမကမ္ဘာ စစ်ကြီး ဖြစ်ချိန်တွင်စစ်တိုက်သူတွေကအမြောက်-ဗုံး-ကျည်ဆံများကိုတွင်တွင်သုံးတတ်နေသော်လည်း စစ်မြေပြင် ဒဏ်ရာရစစ်သား-ထောင်သောင်းများစွာ၏ခြေလက်များကိုဖြတ်တောက်ကြရာ၌မူမေ့ဆေးပေးရာ၌မေ့ဆေး ပေးခြင်းအတတ်ပညာကိုတွင်တွင်သုံးတတ်ခြင်းမရှိသေး။ရှေ့တန်းစစ်မြေပြင်အရေးပေါ်ရွက်ဖြင်တဲများထဲ ရရာစားပွဲပေါ်လူနာကိုတင်လျက်သူ့မျက်နှာကိုအ၀တ်-ဂွမ်း-ပတ်တီးစများအုပ်လျက်ကလိုရိုဖေါင်း။အီသာ စသော မေ့ဆေး ရည်များ ၁၀မိနစ၁၅မိနစ်ကြာအောင်လောင်းချပေးမှသာလူနာမှာခက်ခက်ခဲခဲမေ့ရရှာခြင်း-သူ့ခြေသူ့လက်များကိုစစ်မြေပြင်ဆရာဝန်ကလက်သမားသုံးသာသာလွှများဖြင့်စိန်ပြေနပြေဖြတ်တောက်နေသည်ကိုခံနိုင်ခြင်းဖြစ်ကြောင်း-သိတတ်သည့်အရွယ်-ထိုအသိရလာသောအချိန်မှာ အဖြူအမဲရုပ်ရှင်ခေတ် ပြကွက်များယုတ္တိမတန်ဟုယုတ္တိပေတံဖြင့်ထိုး၍ထိုခေတ်ကဒါရိုက်တာလုပ်သူကိုဆရာလုပ်ချင်၊သဘာဝမကျလိုက် တာ ကွာဟုအပြစ်ပြောချင်လာပါသည်။  ယခုခေတ် ထဲလည်းကိုရီးယားကားများထဲမှာပါတတ်သော-လူကြိုက်များခေတ်စားသည့်ပြကွက်ဖြစ်သောမင်းသားကမျက်စိမမြင်ရှာသောမင်းသမီးလုပ်သူကိုသူ့မျက်လုံး အစားပေးလိုက်သည်ဆိုသည့်ပြကွက်မျိုးကိုတိတ်တိတ်မကြည့်ပဲမျက်ရည်တ၀ဲဝဲစိတ်ပါလက်ပါခံစားနေသောအဒေါ်ဖြစ်သူကို“‘ဒါမဖြစ်နိုင်ဘူးဒေါ်လေး-မျက်လုံးတလုံးလုံးအစားထိုးကုလို့မရသေးဘူး-””ဟုလျှာရှည်မိ ဂျိုထောင်မိသောကျွန်တော့်အဖို့မျက်နှာကောင်း မရ -တိတ်တိတ်နေစမ်း-ကောင်လေး-အရေးထဲ-ဟု အဒေါ့်မျက်စောင်းရလေသည်။
                  ကျွန်တော်တို့သည်ပညာတတ်များဖြစ်လာကြသော်လည်းပေတံများကိုနေရာအလိုက်-ဒေသ အလိုက်-အရွယ်အသိအလိုက်သေချာမသုံးတတ်ကြပေ။ကျွန်တော်မိန်းမရနေပြီဗျ။မိန်းမကအရင်အိမ်ထောင် ရှိတယ်။ကလေးတယောက်အဆစ်ပါတယ်ဆိုလျှင်ဒီကောင်ဘယ်လှည်းကျိုးသွားထမ်းသလဲမသိဘူးဟု အာရှသားအတော်များများဆီကအလားတူမှတ်ချက်မျိုးဖေါဖေါသီသီရစရာအကြောင်းရှိပါသည်။ ဥရောပက ကောင်လေးကောင်မလေး၂ယောက်ကြားအချစ်ပေတံ။အမျိုးသားနဲ့အမျိုးသမီးကြားအိမ်ထောင်ရေးပေတံ များကမူတသီးတခြားအမျိုးအစားဖြစ်သည်။ အာရှပေတံများနှင့်မတူပေ။ဥရောပမှာငယ်ချစ်ဦးအကြောင်း၊ ပန်းဦးအပျိုစင်အကြောင်း၊တလင်တမယားအကြောင်းတခုတ်တရပြောသောတိုင်းထွာသောပေတံသိတ် မတွေ့ရ၊အရေးမပါလှပေ။အာရှသားတယောက်အဖို့တော့သူသာလျှင်သူ့ကောင်မလေးရဲ့အချစ်ဦး-အိမ်ထောင်ဦးဖြစ်ချင် နေတတ်ပြီး သူက-ဒုတိယလူ ဆိုလျှင် အနာဂတ်ယူတတ်ပါသည်။

ကျွန်တော် အင်မတန်ကြိုက်သော ဘီတဲလ်စ် အဖွဲ့က ဂျွန်လီနွန်ရဲ့ Imagine  သီချင်းကို အင်္ဂလိပ်ဘုန်းကြီးတပါးက စစ်ဖြစ်ရတဲ့အကြောင်းရင်းမှန်ကို အတော်လမ်းလွဲအောင်လုပ်တဲ့သီချင်းဆိုပြီး ဒီခရစ်စမတ်မှာ မချိမဆန့် ဝေဖန်လိုက်တဲ့အခါ ကျွန်တော်အတော်ကျွဲမြီးတိုသွားပါတယ်။ ဘယ်လက်ခံမလဲ။ ကိုယ်ကြိုက်နေတာကိုဒီလိုပြောလို့။ ဘုန်းတော်ကြီးနံမယ်က မတ်ခ်ဒေးဗီးစ် Reverend Mark Davie ။ ရှရူးဘူရီနယ်က( The Bishop of Shrewsbury )




၃နှစ်လောက်တုန်းက ဒီသီချင်းကို အီရတ်ဇာတိဖွား မသန်မစွမ်းအီရတ်လူငယ်လေးတယောက် Britain Got Talent ပွဲမှာတက်ဆိုဖူးတယ်။သူက အီရတ်စစ်ထဲ မိဘ၂ပါးလုံးဆုံးရှူံးသွားပြီး မသေပဲကျန်ခဲ့တဲ့ မိဘမဲ့အမွှာညီအကို၂ယောက်ထဲကတယောက်။မိဘမဲ့ရတဲ့အပြင်သူ့မှာမသန်မစွမ်းခြေတိုလက်တိုလေးဖြစ် နေသေး။ဒါကိုအင်္ဂလိပ်ဇနီးမောင်နှံ၂ယောက်ကအင်္ဂလန်
ကိုခေါ်ယူမွေးစားကြီးပြင်းလာတာ။အဆိုတော်လေးကသူ့ရာဇ၀င်လေးကိုအရင်ခင်းပြပြီးမှသူ့မွေးစားအဖေအမေရှေ့မှာ-Imagine သီချင်းကိုဆိုပြလိုက်တော့ ကျွန်တော်မျက်ရည်တောင်ဝဲတယ်။တကမ္ဘာလုံးကလည်းကြည့်နေတာ။ကြိုက်ကြမှာပါ။သီချင်းအဆိုကလည်းအတော်ကောင်း။သီချင်းအဓိပ္ပါယ်နဲ့သူ့ဘ၀ခံစားချက်ကလည်း
တိုက်ဆိုင်နေတော့လာတဲ့ပရိတ်သတ်တွေ လည်းကြိုက်လိုက်ကြတာ။ ဒီဘုန်းကြီးက-ဂျွန်လီနွန်နံမည်ကြီးတာကို မနာလိုလို့ပြောတာဖြစ်မှာ၊နှစ်၅၀လောက်ကဒီသီချင်းခုထိလူတိုင်းကြိုက်နေတာကိုသူမနာလို လို့ပြောတာ၊ ဒီလိုဝေဖန်ပြီးလူသိများအောင်သူကလုပ်ယူတာဟုကျွန်တော်က ကိုယ့်ပေတံဖြင့်ကိုယ် တိုင်းလိုက်ပါသည်။


        တသက်လုံးဖိုးသူတော်ယိမ်းကိုသာကြည့်ဖူးသူ-ကျွန်တော်သည်စင်ပေါ်မှာသံဃာတပါးက အော်ဂင်သံ နောက်လိုက်၍လက်ခုတ်တီးနေသည်ကို၎င်း၊စင်အောက်မှာ-သီချင်းစုပေါင်းသီဆိုနေသော ယောဂီဝတ်များကို၎င်း။သီလရှင်ဝတ်စုံများဖြင့်သီချင်းဆိုနေသူများကိုသေချာကြည့်နေသောပရိသတ်ကြီးကို၎င်းမြင်လာရ သောအခါ
တအံ့တသြဖြစ်လာပါသည်။ဂလိုဘယ်လိုက်ဇေးရှင်းထဲမှာဘယ်လိုဖြစ်ကုန်ပြီလဲဟုနဝေတိမ်တောင်ဖြစ်လာပါသည်။နစ္စဂီတပေတံဖြင့်အရွယ်ရောက့်လာသော
ကိုယ့်မှာ ပြသနာရှိနေပြီလား။


ကျွန်တော်တို့သည်တပ်ပေါင်းစုများဖွဲ့ကြဖူးလေသည်။ မိုးထဲရေထဲကျသောအခါ။ ပွဲအီသောအခါ။ ပွဲပြတ်လုပ်နိုင်စွမ်းမရှိသောအခါ-တူတာတွဲလုပ်-မတူတာခွဲလုပ်လို့မပြောကြတော့ပဲ တယောက်နဲ့တယောက် အပြတ်ခုတ်ကြလေသည်။တကယ့်အစည်းအဝေးမှာထုတ်သုံးခွင့်မရသောပေတံများကိုထုတ်လာကြကာ မှီရာခုတ်။မမှီ့တမှီခုတ်။မမြင်ကွယ်ရာခုတ်၊လက်ဘက်ရည်ဆိုင်မှာခုတ်၊တရားမ၀င်ခုတ်ကြလေသည်။ ထိုအဖြစ်ကိုပြန်တွေးမိသောအခါ မူလတန်းကလေးဘ၀တုန်းက နိုင်ချင်ဇောနဲ့ကိုယ်လုပ်ခဲ့ဖူးသောမျဉ်းလုံး ကိုပြန်သတိရမိပါသည်။

                                                                                 ခွန်ဆိုင်း (၂၂-၀၁- ၂၀၁၅)

ဆက်စပ်အညွှန်း
http://www.dailymail.co.uk/news/article-2884509/Bishop-s-attack-Lennon-s-Imagine-Senior-Catholic-says-song-heart-chilling-vision-misled-world-causes-war.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...