Thursday, January 29, 2015

မင်းကွန်းရှာပုံတော်

သခင် စိုးကြီး

မန္တလေးမြို့ အနောက်မြောက်ဘက် ၇မိုင်အကွာ၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းမှာ မင်းကောင်ဆိုတဲ့ ရွာလေးကိုလွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာကျော် (၁၇၉၀ ခုနှစ်) မှာ အမရပူရ နန်းတည် ဘိုးတော်ဘုရားမင်း၊ မင်းမိဖုရား၊ သားတော်သမီးတော်များ ခေတ္တခိုနားရာနေရာအဖြစ် မင်းကွန်းလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ရာက အခုအခါမှာ ကမ္ဘာကျော် ရှေးဟောင်းအမွေအနှစ်ဒေသတခု ဖြစ်နေပြီဖြစ်တဲ့ မင်းကွန်းဒေသကို သွားရောက်လေ့လာခဲ့တဲ့ ပုံရိပ်တွေကိုဖော်ပြလိုက်တာပါ။


ကြက်ထောင့် ကန်တော်ကြီး

မင်းကွန်းရွာ တောင်ဘက် ခြောက်မိုင်အကွာမှာ တည်ရှိတဲ့ ကြက်ထောင့်ကန်ကြီးဟာ ခရစ်နှစ် ၁၈၁၇ မှာတည်ဆောက်ခဲ့ပြီး လာမယ့် ၂၀၁၇ ဆိုရင် နှစ်ပေါင်းနှစ်ရာပြည့်ပြီဖြစ်ပါတယ်။  ဘိုးတော်ဘုရား ကိုယ်တိုင် ကန်ဘောင်ရိုး၊ တံတိုင်း၊ မုခ်တိုင်၊ ကျောက်လှေကားများ အပြည့်အစုံ ထည့်သွင်း တည်ဆောက်ထားပြီး အကျယ်ပေ ၄၂၀၊အနက် ၃၁ပေ ရှစ်လက်မရှိတဲ့ ကန်ကြီးတကန် ဖြစ်ကာ ခရီးသွားတွေ လေ့လာဖို့သင့်ပေမယ့် ကပ်ကျော်ဖြစ်နေလေ့ရှိတဲ့ တိမ်မြှပ်နေသော  ကန်ကြီးတစ်ခု လည်းဖြစ်ပါတယ်။ ဒါ့အပြင်  မင်းကွန်းဒေသကြီးရဲ့ ကြီးငါးကြီးစာရင်းဝင် သမိုင်းအမွေအနှစ် တခုလည်းဖြစ်ပါတယ်။



မင်းကွန်းပုထိုးတော်ကြီး

မြန်မာသက္ကရာဇ် ၁၁၅၂ ခု တပို့တွဲလဆန်း ၅ရက်(ခရစ်နှစ် ၁၇၉၀)တွင် စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့တဲ့ မင်းကွန်းပုထိုးတော်ကြီးဟာ မူလက ပေငါးရာအမြင့် တည်ဆောက်ရန် ရည်ရွယ်ခဲ့သော်လည်း တဝက်တပျက်နဲ့ ရပ်နားခဲ့ရပါတယ်။ ပုထိုးတော်ကြီးပြီးဆုံးအောင် မတည်ဆောက်ခြင်းနဲ့ပက်သက်လို့ ဘုရားလည်းပြီး၊ ပြည်ကြီး လည်းပျက်ဆိုတဲ့ တဘောင်ကြောင့် ဘိုးတော်ဘုရားက ပြီးဆုံးအောင် တည်ဆောက်ခြင်း မရှိခဲ့သည် ဆိုတဲ့ အယူအဆဟာ ရေပန်းအစားဆုံးဖြစ်ပါတယ်။ စတုရန်းပေ ၄၅၀ ကျယ်ဝန်းပြီး အမြင့် ၁၂၆ ပေ ရှိတဲ့ ပုထိုး တော်ကြီးကို အောက်ခြေမြေသား မခိုင်ခံ့မှုကြောင့် ပုထိုးတော်ကြီး တည်ဆောက်မှုလုပ်ငန်းစဉ်အား ရပ်နားခဲ့ခြင်း ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆဟာလည်း စဉ်းစားစရာဖြစ်ပါတယ်။

ဘုရားကိုယ်ထည်မှာ ကြေးကွင်းကြီးများ ပက်ကာတည်ဆောက်ထားပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ကျော် (ခရစ်နှစ် ၁၈၃၈) မှာ လှုပ်ခတ်ခဲ့တဲ့ ငလျဉ်ဒဏ် ကြောင့် အက်ကွဲပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ရပေမယ့်လည်း ကြီးကျယ်ခမ်းနားစွာ တည်ရှိနေဆဲပါ။




ခြင်္သေ့ကြီး

အုတ်ချပ်ရေ ရှစ်သိန်းဖြင့်တည်ဆောက်ခဲ့တဲ့ ၉၅ ပေ အမြင့်ရှိတဲ့ ခြင်္သေကြီး နှစ်ကောင်မှာမူ ငလျဉ်ဒဏ်ကြောင့် အခုအခါ ရှေ့လက်နှစ်ဘက်၊ ခါးရိုးနဲ့ တင်ပါးဆုံရိုးသာ ကျန်ရှိပါတော့တယ်။



ခေါင်းလောင်းကြီး
(ခရစ်နှစ် ၁၈၀၈) က ကြေးချိန်ပိဿာပေါင်း ၅၅၅၅၅ ဖြင့် သွန်းလုပ်ခဲ့တဲ့ တန်ချိန် ၉၀ ဒဿမ ၅၂ တန်ရှိ မင်းကွန်းခေါင်းလောင်းတော်ကြီးကတော့ ကမ္ဘာပေါ်မှာ ထုထည်အားဖြင့် တတိယအကြီးဆုံးအဖြစ် နေရာ ယူထားဆဲသာဖြစ်ပြီး တီးခတ်လို့ ရနိုင်တဲ့ ခေါင်းလောင်းအမျိုးအစားတွင်မူ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းလည်း ဖြစ်ပါတယ်။ ခေါင်းလောင်းကြီး တီးခတ်သံကို တမိုင်ပတ်လည်အတွင်း ကောင်းမွန်စွာကြားနိုင်ပါတယ်။




ရှေးလှေကြီး

မင်းကွန်းခေါင်းလောင်းကြီးအား နန်းတော်ကျွန်းရွာ အရှေ့တောင်ဘက်၊ စွန်းလွန်းရွာ(ရှေးအခေါ် သွန်းလွန်းရွာ)တွင် သွန်းလုပ်ခဲ့ပြီးနောက် ဝါဆိုဝါခေါင်ရေကြီးချိန်မှာ လက်ရှိ ခေါင်းလောင်းကြီး ထားရှိတဲ့နေရာ မင်းကွန်းတဖက်ကမ်းသို့ ကရဝိတ်ဖောင်တော်များ၊ ဆွဲလှေများဖြင့် သယ်ယူခဲ့စဉ်က နှစ်မြှပ်နေခြင်းလို့ ယူဆရတဲ့ ရှေးဟောင်းလှေကြီးတစ်စင်းဟာ ၂၀၁၅ ဇန်နဝါရီလဆန်းပိုင်းမှာ မင်းကွန်းပုထိုးတော်ကြီးနဲ့ မင်းကွန်း ဗုဒ္ဓဘာသာ လူအိုရုံတို့အကြား၊ အမှတ်(၁)ဖောင်တော်သီရေတင်စက်ရုံအရှေ့ဘက်၊ ဧရာဝတီမြစ်ကမ်းပါးနား တွင် ပေါ်ထွက်လာခဲ့ပြီး အဲ့ဒီလှေကြီးကို ဧရာဝတီမြစ်မှ ဆယ်ယူကာထိန်းသိမ်းသွားရန် ရှေးဟောင်းဌာနနှင့် မင်းကွန်းလေးဌာနီဂေါပကအဖွဲ့မှ စီစဉ်လျက်ရှိပါတယ်။ မြစ်ရေတက်နေတာကြောင့် လှေဦးပိုင်းကိုသာ ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပြီး အရှည်အားဖြင့် ပေတစ်ရာကျော်ရှိမယ်လို့ ဒေသံတွေက ခန့်မှန်းပြောဆိုလျက်ရှိပါတယ်။



ဆရာတော်ကြီး

မူလအစက မင်းကွန်းဒေသတွင် ပုထိုးတော်ကြီး၊ ကန်တော်ကြီး၊ခေါင်းလောင်းကြီးနဲ့ ခြင်္သေ့ကြီးဆိုပြီး ကြီးလေးကြီးသာ ရှိခဲ့ပေမယ့် ပိဋကတ်သုံးပုံ ပါဠိတော်အုပ်ရေ(၂၀)၊ စာမျက်နှာပေါင်း ၈၀၂၇ သာမက ပိဋကတ်သုံးပုံ အဠကထာ၊ ဋီကာစာအုပ်ပေါင်း (၂၄)အုပ်၊ စာမျက်နှာပေါင်း ၉၉၃၄ မျက်နှာတို့ကို အာဂုဏ်ဆောင်နိုင်ခဲ့တဲ့ မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး ပေါ်ပေါက်လာခဲ့ပြီးနောက် နောက်ထပ်ကြီးတစ်ကြီး ထပ်တိုးကာ ကြီးငါးကြီး ဖြစ်လာခဲ့တာပါ။ မင်းကွန်းတိပိဋကဓရ ဗိမာန်တော်ကြီး အတွင်းတွင် ဆရာတော်ကြီးရဲ့ ကြေးသားရပ်တော်မူပုံကို ထုလုပ်ပူဇော်ထားပါသည်။




တဖက်ဆည်ကန်ကြီး

ကန်တော်ကြီးနဲ့ ပက်သက်လို့ မူကွဲတခုရှိပြန်ပါသေးတယ်။ မင်းကွန်းပုထိုးတော်ကြီး အနောက်ဘက်တွင် တောင်ကုန်းများ၊ ကမူများကို မြေဖို့ကာ တည်ထားခဲ့တဲ့ တဖက်ဆည်ကန်ကြီးတစ်ခုရှိပြီး လွန်ခဲ့တဲ့ နှစ် သုံးလေးဆယ် အချိန်ကထိ အဲ့ဒီကန်ကြီးမှာ ရေများ၊ ကြာပန်းကြာခက်များရှိခဲ့ပါတယ်။

အဆိုပါ တဖက်ဆည်ကန်ကြီးရဲ့  နယ်နမိတ်မှာ တောင်ဘက်တွင် မင်းကွန်းပုထိုးတော်ကြီးဖြစ်ပြီး မြောက်ဘက်တွင် မြသိန်းတန် စေတီတော်ကြီးဖြစ်တယ်လို့ဆိုပါတယ်။ စစ်ကိုင်းတောင်ရိုးပေါ်မှ အရှိန်ပြင်းပြင်းဖြင့် ကျလာတဲ့ တောင်ကျချောင်းရေများ၊ သဲများကြောင့် ပုထိုးတော်ကြီး၊ ခေါင်းလောင်ကြီး ၊ခြင်္သေ့ကြီးတို့ မပျက်စီးစေရန် အလို့ငှာအတားအဆီးအနေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့လည်း ပြောဆိုမှုများရှိပါတယ်။ ပုထိုးတော်ကြီးရဲ့ အနောက်ဘက် မလှမ်းမကမ်းတွင် ကန်ဘောင်သဖွယ်ဖြစ်နေတဲ့ ကုန်းတန်းလေးတခုရှိပြီး ယင်းကုန်းတန်းရဲ့ အရှေ့တောင်ထောင့်တွင် ဘိုးတော် ဦးဝိုင်းလက်ထပ် သက်တော်ရှည်ပညာရှိ အမတ်ကြီး ဦးပေါ်ဦး တည်ထားကိုးကွယ်ခဲ့တဲ့  ကန်တော်ဦးစေတီလို့ ကမ္ဗည်းထိုးထားတဲ့ စေတီတဆူကိုဖူးမြင်ရပါတယ်။



ယင်းစေတီတည်ရှိရာကုန်းရိုးအနောက်ဘက်ကို ဆက်သွားကြည့်ရင် ယခင်က ရေကန်တစ်ခုဖြစ်နိုင်ဖွယ်ရှိတဲ့ ပြန့်ပြူး လှသောကွင်းပြင်ကျယ်ကြီးကို မြင်တွေ့ရပါတယ်။


သို့သော်လည်း ယင်းတဖက်ဆည်ကန်ကြီးနဲ့ ပက်သက်တဲ့ ကျောက်စာစသည့် သမိုင်းဆိုင်ရာ ခိုင်မာတဲ့ အထောက်အထားများ ရှာမတွေ့ခဲ့သလို ဒေသခံအများစုပင် ယင်းရေကန်ကြီး တည်ရှိသည်ကို မသိကြတော့ပါ။

အဆိုပါ တဖက်ဆည်ကန်ကြီးဟာ ဘယ်နေရာမှာ အဆုံးသတ်လဲဆိုတာကို လိုက်ရှာရန်အတွက် အနောက်ဘက်သို့ ဆက်လက်ခရီး နှင်လာခဲ့ရာ တမိုင်ခန့် အရောက်တွင် အရိပ်အာဝါသ ကောင်းမွန်လှသော ဘုန်းကြီးကျောင်းကြီးတစ်ခုကို တွေ့လိုက်ရပါတယ်။ ယင်းဘုန်းကြီးကျောင်းကြီးအတွင်းတွင် ဗဟိုရ်စည် သတင်းစာတိုက်ပိုင်ရှင် ဦးအေးမောင် တည်ထားခဲ့သော အောင်ချမ်းသာစေတီကို ဖူးမြော်ရတဲ့အခါ ရှေးခေတ် သတင်းစာတိုက်ပိုင်ရှင်များ ဘုရားတည်ကျောင်းဆောက် လှုဒါန်းနိုင်ပုံနဲ့ ဒီကနေ့ခေတ် ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်တိုက်များအရှုံးပေါ်နေပုံကို နှိုင်းယှဉ်မိပါတော့တယ်။




အောင်ချမ်းသာစေတီတော် တည်ထားရာ ကုန်းမြင့် အနောက်ဘက်ရှိ ကုန်းရိုးအတိုင်းဆက်သွားရင် ရုပ်ရှင်မင်းသားနောင်နောင်ရဲ့ အဖိုးဖြစ်သူ လှုဒါန်းခဲ့သော ရွှေမန်း မိုးရေခံကန်ကြီးကို တွေ့ရပါတယ်။



အဲ့ဒီ ကန်ကြီးအတိုင်းဆက်သွားပြီးနောက် တောင်ဂမူ တစ်ခုပေါ်မှ ပုထိုးတော်ကြီးဘက် လှမ်းမျှော် ကြည့်လိုက်ရင် ဦးပေါ်ဦး ဘုရားမှာ ကန်ထောင့်တွင် တည်ရှိနေပြီး ယင်းဘုရား အနောက်ဘက်ရှိ တောင်ကုန်း၊ ကမူများမှာ ကန်ဘောင်သဖွယ်ဖြစ်နေသည်ကို တွေ့ရပါတယ်။ သမိုင်းသုတေသီများ ဆက်လက် သုတေသန ပြုလုပ်နိုင်ရန်အတွက် ရေးသားဖော်ပြလိုက်ရပါတယ်။




ကိုးကား။ ။ သမိုင်းဝင် မင်းကွန်း(စစ်ကိုင်းသူရ)

မင်းကွန်းဆောင်းပါးများ(ရွှေကိုင်းသား)

မင်းကွန်းမြေမှ ကမ္ဘာကျော် ကြီးငါးကြီး (အရှင်စန္နဇောတိ-ပါဠိပါရဂူ၊ပိဋကတ်တစ်ပုံဆောင်)နဲ့ ဒေသခံများ

သွားလိုရာ တကောက်ကောက်လိုက်ပေးကာ မသိသည်များ ရှင်းပြဝေဖန်လေကန်ငြင်းခုံပေးကြသည့် ကိုသန့်စင်ထွန်းနှင့် ကိုမင်းမြတ်တို့အား    အထူးကျေးဇူးတင်ရှိသောကြောင့် ၎င်းတို့နှစ်ယောက်မှ အတင်းထောက်လေးအား ဘီယာတိုက်မည်ဆိုလျှင် ဝမ်းမြောက်ဝမ်းသာလက်ခံမည်ဖြစ်ကြောင်း :P :D

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...