Thursday, January 22, 2015

`နတ်ဆိုးသီချင်းကို ခွဲခြမ်း စိတ်ဖြာကြည့်ခြင်း


Eagles album ထဲက Hotel California ဆိုတဲ့ သီချင်းလေးကို လူတော်တော်များများ ရင်းနှီးကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီသီချင်းစာသားရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းနားမလည်ခင်အရွယ်ကတည်းက သီချင်းသံစဉ်ကို အလွန်နှစ်သက်မိတယ်။
Eagles album, Hotel California သီချင်းဟာ စေတန် (နတ်ဆိုး၊ အမှောင်ကမ္ဘာ) နဲ့ သက်ဆိုင်တဲ့ သီချင်းလို့ လူတော်တော်များများက ပြောတာတွေကိုလည်း ကြားဖူးခဲ့တယ်။
ယခုအထိလည်း ဒီသီချင်းကို နတ်ဆိုးကိုပူဇော်ထားတဲ့ သီချင်း၊ အမှောင်ကမ္ဘာကို ပသ ထားတဲ့ သီချင်းဆိုပြီးတော့ နားမထောင်တဲ့ လူတွေလည်း အများကြီးရှိကြပါတယ်။ ဒီသီချင်းကို စေတန်သီချင်း လို့ လူတွေကဘာကြောင့်ပြောကြသလဲဆိုတာ သိချင်ခဲ့တယ်။ ဒီလိုနဲ့ လေ့လာသိရှိခဲ့သမျှလေးကို ဝေမျှချင်စိတ်ဖြစ်လာလို့ ဒီစာကိုရေးပါတယ်ရှင်။
Hotel California ဆိုတာ ဘယ်ဟိုတယ်ကို ဖွဲ့တာလည်းက အစ ဂယက်တွေက ရိုက်ခဲ့တာပါပဲ။ အချို့ကလည်း L.A. နားက စိတ္တဇဆေးရုံကို စပ်ထားတာလို့ ပြောသလို၊ အချို့ကလည်း အမေရိကန်နိုင်ငံ လူသားစားကလပ်တစ်ခုက ရူးကြောင်ကြောင်လူတွေအကြောင်း ရေးထားတာလို့ ဆိုကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စာသားထဲမှာ ‘ဒီဟိုတယ်ထဲကို ကြိုက်တဲ့အချိန်ဝင်လာပြီး တည်းခိုလို့ရပါတယ်၊ ဒါပေမယ့် ဒီဟိုတယ်ထဲက ပြန်ထွက်ဖို့တော့ လမ်းမရှိဘူး’ လို့ ပါတာကိုး။ ဒီကြားထဲမှာ မက္ကဆီကိုနိုင်ငံက ဟိုတယ်မာန်နေဂျာတစ်ယောက်က သူ့ဟိုတယ်ကို ရေးထားတာပါ။ ဟိုတယ်ထဲက အခန်းတစ်ခန်းထဲမှာ Eagles အဖွဲ့သားတွေ လနဲ့ချီနေခဲ့ပြီး Hotel California သီချင်းကိုရေးသွားတာပါဆိုပြီး သတင်းလွှင့်တာနဲ့ မက္ကဆီကိုက အဲဒီဟိုတယ်အထိသွားတည်းပြီး လိုက်ကြည့်သူတွေတောင်ရှိလို့ ဟိုတယ်မာန်နေဂျာက ငွေထုတ်ပိုက်သွားတာမျိုးလည်း ရှိပါတယ်။
ဒီသီချင်းထဲမှာ မူးယစ်ဆေးစွဲမှုတွေ၊ ရူးသွပ်မှု၊ အပျော်တမ်းဆန်တဲ့ လူမှုဆက်ဆံရေးတွေ (ချစ်သူ/ရည်းစား အပျော်တစ်ညတာ ထားတဲ့အကြောင်းတွေ) ကို ရေးဖွဲ့ထားတာတွေပါတယ်လို့ ဆိုပါတယ်။
စာသားတွေထဲမှာ ‘the beast ဆိုတဲ့ မကောင်းဆိုးဝါးကြီးကို ဓားတွေနဲ့ဝိုင်းခုတ်ကြတာတောင် မသေဘူး’ လို့ ပါတယ်။ ဖြစ်ချင်တော့ စေတန်ဝါဒကို ကိုးကွယ်တဲ့ Aleister Crowley ဆိုတဲ့ လူကြီးတစ်ဦးရဲ့ အမည်ဝှက်ဟာလည်း ‘the beast’ ဖြစ်နေတော့တာပါပဲ။ အဲဒီမှာ Aleister Crowley ကို ရေးဖွဲ့ပူဇော်ထားတာဆိုပြီး ဖြစ်ကြပြန်သေးတယ်။
ဒီကြားထဲမှာ ခိုင်လုံတဲ့သတင်းတစ်ခုကနေပြီးတော့ သိရတာက၊ ဟိုတယ်ကယ်လီဖိုးနီးယားသီချင်းဟာဆိုရင်ဖြင့် Camarillo State Hospital စိတ္တဇဆေးရုံက လူနာတစ်ယောက်ရဲ့ သီချင်းဖြစ်တယ်လို့ဆိုတယ်။ အဲဒီလူနာတွေဟာ စိတ်ရောဂါကြောင့် ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့အတွက် အပြင်ကမ္ဘာကို ဘယ်တော့မှ ပြန်ထွက်ခွင့်မရတော့ဘူး။ ဒါကိုစပ်ဆိုထားတာကို အဖွဲ့သားတွေထဲက တစ်ယောက်က ခိုးယူသီဆိုပြီး ကမ္ဘာကျော်ဖြစ်သွားကြောင်းလည်း ပြောကြသေးတယ်။
အချို့ကလည်း ဟိုတယ်ကယ်လီဖိုးနီးယားသီချင်းဟာဆိုရင်ဖြင့် ညဌက်မယ်တွေနားခိုရာ နေရာကို စပ်ဆိုထားတာ မဟုတ်သလို၊ မြေအောက်အမှောင်ကမ္ဘာတွေ အကြောင်းလမ်းစပ်ထားတာ မဟုတ်ဘူး၊ ဆေးစွဲနေတဲ့ ဘဝပျက်နေသူတွေနေတဲ့ စိတ္တဆေးရုံတွေကိုလည်း စပ်ဆိုထားတာ မဟုတ်သလို၊ ဘုရားတရားနဲ့ဝေးပြီး စေတန်နောက်ကို လိုက်သွားသူတွေကို စပ်ဆိုထားတာလည်းမဟုတ်ဘူး။ ဟိုတယ်ကယ်လီဖိုးနီးယားဟာ စိတ်ဓာတ်တွေပျက်စီးယိုယွင်းလာနေတဲ့ ကယ်လီဖိုးနီးယားမြို့ကြီးတစ်ခုလုံးကို ဆိုထားတာပဲဖြစ်တယ်လို့ ဆိုကြပြန်ပါတယ်။
အယ်ဘမ်အဖုံးက ဓာတ်ပုံကိုလည်း အမျိုးမျိုးပြောကြတာကို တွေ့ရတယ်။ ဓာတ်ပုံထဲမှာ အပေါ်ထပ်က ပြတင်းပေါက်မှာ လူတစ်ယောက်ရပ်နေတာကို တွေ့ရနိုင်တယ်။ ဒါကိုလည်း နတ်ဆိုးတစ်ကောင်၊ သရဲတစ်ကောင် ပါ ဆိုပြီး ကောလဟာလတွေ ထွက်ကြသေးတယ်။ အဖွဲ့သားတွေကပြောတာကတော့ တီးဝိုင်းမှာတီးဖို့ ဌားထားတဲ့လူတစ်ယောက် သူ့ဘာသာအပေါ်တက်ပြီး ပြတင်းပေါက်ကရပ်ကြည့်နေတာပါလို့ ဆိုတယ်။ ဓာတ်ပုံရိုက်နေကြတာ လူတွေနဲ့မနေဘဲ၊ သူ့ဘာသာ အပေါ်တက်ရပ်နေတာကတော့ သူတို့လည်း မတတ်နိုင်ဘူးလို့ ဆိုပါတယ်။
ဒီသီချင်းနဲ့ဆက်နွယ်ပြီးတော့ အခြားသီချင်းတွေလည်း နတ်ဆိုးနဲ့ဆိုင်တဲ့ သီချင်းတွေဆိုပြီး စွပ်စွဲခံထိလို့ ကလေးတွေမှာ သီချင်းတွေတော်တော်များများကို နားထောင်ခွင့် မရှိခဲ့ကြဘူးလို့ ဆိုတယ်။ အဲဒီသီချင်းတွေထဲမှာ Led Zeppelin ရဲ့ Stairway to Heaven လမ်း အပါအဝင်ဖြစ်တယ်လို့ ဆိုကြတယ်။
သီချင်းရေးစပ်သူ Eagles အဖွဲ့ကပြောတာကတော့ အမေရိကန် နဲ့ အမေရိကန်က ဂီတအသိုင်းအဝိုင်းရဲ့ အမှောင်ကမ္ဘာတွေအကြောင်း ရေးဖွဲ့ထားတာ မှန်ပါတယ်လို့ ဆိုတယ်။ ခြေလေးချောင်းရှိတဲ့ တိရိစ္ဆာန်တစ်ကောင်ရဲ့ ဝမ်းဗိုက်ဘက်ပိုင်းက မှောင်နေလို့မမြင်နိုင်တဲ့ အကြောင်းတွေကို ရေးဖွဲ့ထားသလိုမျိုးပေါ့ လို့ ဆိုတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ Hedonism (striving to maximize net pleasure) ကို စပ်ဆိုထားတာလို့လည်း ဆိုတယ်။ အဲဒီမှာတော့ အဖွဲ့သားတွေက negative hedonism ကို စပ်ဆိုထားတာလား positive hedonism ထားတာလား၊ mixture of hedonism လားဆိုတာကို သေချာပြောမသွားခဲ့ပေမယ့် သီချင်းစာသားတွေအရ၊ ‘ဘယ်သူသေသေငတေမာရင်ပြီးရော၊ ကိုယ်ပျော်ဖို့ အဓိက’ နဲ့ သက်ဆိုင်တဲ့ hedonism ကို စပ်ဆိုထားတာများလားလို့ မေးခွန်းထုတ်မိတယ်။
ဆိုကရေးတီးရဲ့ တပည့်ဖြစ်သူ အရစ်တီပစ်ဆာရင်း ရဲ့ ဖီလော်ဆော်ဖီတွေကိုပါ ရှာဖွေတွေ့ရှိနိုင်တယ်လို့ ဆိုကြတဲ့ ဒီသီချင်းဟာ ကျောင်းစာသင်ခန်းတွေထဲအထိရောက်ပြီး ကျောင်းသားတွေကို ခွဲခြမ်းစိတ်ဖျာတဲ့အက်ဆေးတွေတောင် ရေးဖို့ ဖြစ်စေခဲ့တဲ့ သီချင်းပဲဖြစ်တယ်။
ဟိုတယ်ကယ်လီဖိုးနီးယားဟာ စေတန်ကိုပူဇော်ပသထားတဲ့ သီချင်းဟုတ်၊ မဟုတ် ကိုယ်တိုင်မသေချာသော်လည်း၊ စေတန် (နတ်ဆိုး/အမှောင်ကမ္ဘာ) နဲ့ သက်ဆိုင်နေတဲ့ သီချင်းဖြစ်တယ်ဆိုတာကတော့ ထင်ရှားပါတယ်။ အဖွဲ့သားတွေကိုယ်တိုင်ကလည်း အင်တာဗြူးတွေမှာ ပြောခဲ့တယ်။
လူတွေမှာ အဖြူနဲ့အမည်း၊ အလင်းနဲ့အမှောင်ဆိုတာ အမြဲတမ်း ဒွန်တွဲနေကြပါတယ်။
ကလေးလေးတစ်ယောက်က သူ့အဘိုးကို ဘဝရဲ့အဓိပ္ပာယ်ဆိုတာ ဘာလဲလို့ မေးတဲ့ အီရှာရဲ့ ပုံပြင်ထဲကလိုပေါ့။ အဘိုးက ပြန်ဖြေတယ်။ ဘဝရဲ့အဓိပ္ပာယ်ဆိုတာ လူတိုင်းရဲ့နှလုံးသားထဲမှာ မြေခွေးနှစ်ကောင် အချိန်တိုင်းရန်ဖြစ်နေတာနဲ့ တူတယ်လို့ ဆိုတယ်။ တစ်ကောင်က တော့ ဖျတ်လတ်တယ်၊ သွက်လက်တယ်၊ အကောင်းမြင်တယ်၊ ကောင်းကျိုးပြုလိုတယ်၊ ချစ်ခြင်းမေတ္တာသဘောတရား၊ ခွင့်လွှတ်ခြင်း သဘောတရားတွေနဲ့ ပြည့်ဝတယ်။ နောက်တစ်ကောင်ကတော့ မာန်မာနတက်ကြွတယ်၊ မနာလိုစိတ်ရှိတယ်၊ ဒေါသပြင်းတယ်၊ ရန်လိုတယ်၊ ဂုဏ်ပကာသနထောင်လွှားတယ်၊ ခွင့်လွှတ်သည်းခံစိတ်မရှိဘူး၊ သူတစ်ပါးကိုလည်း ထိန်းချုပ်လိုစိတ်ရှိတယ် လို့ဖြေတယ်တဲ့။ အဲဒီမှာ ကလေးလေးက အဲဒီရန်ဖြစ်နေတဲ့ မြေခွေးနှစ်ကောင်မှာ ဘယ်သူက အနိုင်ရမှာလဲ… လို့ မေးသတဲ့။ အဲဒီမှာ အဖိုးဖြစ်သူက ပြန်ဖြေလိုက်တာက ကိုယ်ကျွေးမွေးပြုစုနေတဲ့ မြေခွေးက အနိုင်ရလိမ့်မယ်လို့ ပြန်ဖြေလိုက်တယ်။
အနုပညာသမားတွေ အနေနဲ့ … (ကျမက အဲဒီအသုံးအနှုန်းကို ငယ်ငယ်တည်းက သိပ်မကြိုက်ဘူး၊ လူတိုင်းမှာ အနုပညာဗီဇကတော့ ပါကြတာပဲ၊ လူတစ်ဦးတစ်ယောက်၊ လူတစ်အုပ်စုကပဲ ဒီဝေါဟာရကို ယူထားဖို့ မသင့်ဘူးမြင်တယ်။ ဖန်တီးနေသူတွေရှိနေတာ ခံစားနေသူတွေရှိလို့ပါ။ ဒါပေမယ့် ကျန်တဲ့ စကားလုံး ရှာမတွေ့လို့ လူအများအသုံးပြုနေကြဖြစ်တဲ့ အနုပညာသမား ဆိုတာကို သုံးခွင့်ပြုပါ) လူတွေမှာ အမြဲရှိနေတဲ့ မြေခွေးနှစ်ကောင်အကြောင်းမှာ ..ဘယ်သူ့အကြောင်းကို ရေးဖွဲ့သီကုံးကြမလဲ။
ဖျတ်လတ်၊ သွက်လက်၊ အကောင်းမြင်၊ ကောင်းကျိုးပြု၊ ချစ်ခြင်းမေတ္တာသဘောတရား၊ ခွင့်လွှတ်ခြင်း သဘောတရားတွေနဲ့ ပြည့်ဝတဲ့ မြေခွေးအကြောင်းကို ဖန်တီးဖွဲ့ဆိုရေးသားကြမလား၊ မာန်မာနတက်ကြွ၊ မနာလိုစိတ်ရှိ၊ ဒေါသပြင်း၊ ရန်လို၊ ဂုဏ်ပကာသနထောင်လွှား၊ ခွင့်လွှတ်သည်းခံစိတ်မရှိ၊ သူတစ်ပါးကိုလည်း အရာရာလိုက်ပြီး ထိန်းချုပ်လိုစိတ်ရှိတဲ့ မြေခွေးအကြောင်းကို ဖန်တီးဖွဲ့ဆိုရေးသားကြမလား။
ဖန်တီးချပြသူတွေနဲ့ ခံစားတွေးတောသူတွေကြားမှာ ကွာဟမှု တစ်ခုကလည်း ရှိနေဦးမှာပဲ။ အသက်အရွယ်၊ အတွေ့အကြုံ၊ ခံစားချက်တွေပေါ်မှာ မူတည်ပြီး အနုပညာဖန်တီးသူ အချင်းချင်းတောင်မှ နားလည်မှု လွဲတတ်တာတွေရှိတယ်။ ဒီလိုရုပ်ရှင်မျိုးကို ရိုက်တာ မိသားစုက ခွင့်ပြုလား၊ ဒီလိုစာမျိုး ကဗျာမျိုးကိုရေးတာ ခင်ပွန်း/အမျိုးသမီး က ခွင့်ပြုလား စတဲ့ မေးခွန်းတွေကို ဖန်တီးသူအချင်းချင်းတောင် မေးခွန်းပြန်ထုတ်တာတွေကို တွေ့ရတတ်တယ်။
ဥပမာ.. လူတစ်ယောက်ဟာ ဟင်းတစ်ခွက်ချက်လိုက်မယ်၊ ကိုယ့်ရဲ့ ဖန်တီးကြံဆမှု လက်ရာအချို့ဟာ အဲဒီဟင်းထဲမှာ ပါသွားတယ်။ ဒါပေမယ့် အဲဒီ ဟင်းတစ်ခွက် ဟာ သူ ဖန်တီးထားတဲ့ အရာပဲဖြစ်တယ်။ ‘ဖန်တီးသူ’ ဟာ အဲဒီ ‘ဟင်းတစ်ခွက်’ မဟုတ်ဘူး။ ထို ‘ဟင်းတစ်ခွက်’ ဟာလည်း ‘ဖန်တီးသူ’ မဟုတ်ဘူး။ ဒါပေမယ့် ဒီဟင်းကို ချက်ထားတဲ့ သူမှာတော့ ဟင်းနဲ့ပတ်သက်လာတဲ့အရာတွေကို တာဝန်ယူရမယ့် အပိုင်းတွေ ရှိတတ်ပါတယ်။
ဒီလိုခွဲခြားသိမြင်ကြတယ်ဆိုတာတောင်မှ တစ်ခါတစ်ရံမှာ အနုပညာသမား အချင်းချင်းတောင် ချော်ထွက်သွားတတ်တဲ့ သဘောရှိတယ်။
အဲဒါပါပဲ…။ အနုပညာရှင်တွေက ဖန်တီးပြတယ်။ လူတွေ သိပြီးသားအရာတွေပဲ… သို့ပေမယ့် ဖန်တီးကြတယ်၊ လူတွေကို ချပြတယ်။
အနုပညာကိုဖန်တီးရှင်တွေရဲ့ စိတ်ဟာ တစ်ခါတစ်ရံ အလွန်နက်ရှိုင်းသွားတဲ့အခါမျိုးမှာ ကိုယ်ချပြထားတဲ့ ကဗျာ၊ စာ၊ သီချင်းရဲ့ အဓိပ္ပာယ်တွေဟာ မြင်နေ၊ ဖတ်နေ၊ ခံစားနေချိန်မှာ ရရှိနေတဲ့အဓိပ္ပာယ်တွေထက်ကို ကွဲထွက်နေတတ်တာကိုပါပဲ။ ဒါကိုလည်း ဖန်တီးတဲ့သူတွေကိုယ်တိုင်တောင် ပြန်လည်ခွဲခြမ်းစိတ်ဖြာဖို့ ခက်တတ်တာတွေတောင် ရှိပါသေးတယ်။ ခံစားတဲ့သူတွေမှာလည်း ဝေဖန်ပိုင်းခြား တွေးတောကြမှာပဲ။ ဒါဟာလည်း သူတို့ရဲ့ အခွင့်အရေးတစ်ခု မဟုတ်ပါလား။
ဟိုတယ်ကယ်လီဖိုးနီးယားသီချင်းလည်း ဒီလိုပဲ ဖြစ်မလားလို့ မေးခွန်းထုတ်မိတယ်။ ရေးဖွဲ့သူတွေအနေနဲ့ သီချင်းတစ်ပုဒ်ကို စပ်လိုက်တယ်၊ အဲဒီသီချင်းကိုနားထောင်သူတွေအနေနဲ့ Eagles တွေဟာ စေတန်ကိုကိုးကွယ်သူတွေလို့ တထစ်ချ ယူဆလိုက်လို့ ဖြစ်မလား၊ ယူဆလိုက်ကြတယ်ဆိုရင်လည်း ဒါဟာ မျှဝေခံစားသူတွေရဲ့ အခွင့်အရေးပဲလား ဆိုတဲ့ မေးခွန်းပါပဲ။
ဟိုတယ်ကယ်လီဖိုးနီးယား သီချင်းရဲ့ အဓိပ္ပာယ်အစစ်မှန်ကိုလည်း ရေးဖွဲ့သူတောင်မှ အပ်ထောက်ပြီး ရှင်းပြနိုင်ပါ့မလားလို့ တွေးမိနေတော့တာပါပဲရှင်…။
♫ ●••·˙အိမ့်ချမ်းမြေ့˙·••●

Jan 14, Women's World Journal မှ.. ကျမရဲ့
`နတ်ဆိုးသီချင်းကို ခွဲခြမ်း စိတ်ဖြာကြည့်ခြင်း´ပါ..

original link: http://www.ainchannmyay.com/?p=2035
သီချင်းလေးပါ ဆိုက်မှာတင်ထားပါတယ်ရှင်..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...