Friday, January 9, 2015

မူလတန်း ပညာရေး အတွေးအခေါ် နှင့် အယူအဆများ ( ၅)


ကိုယ်ကျင့်တရားဆိုင်ရာ ဖွံ့ဖြိုးမှု ( moral development)
ပညာရှင် အေမီဂတ်မန်းက ဒီမိုကရေစီ ပညာရေးအတွက် အရေးအကြီးဆုံး ဒေါက်တိုင်က မူလတန်း ပညာရေး ဖြစ်တယ်။ အထူးသဖြင့် မူလတန်းပညာရေးမှာ ဒေါက်တိုင်အဖြစ်တည်ဆောက်ရမယ့် ကိုယ်ကျင့်တရား ပညာရေး ဖြစ်တယ် လို့ ဆိုရမယ်။ သဘောကတော့ ကလေးတွေကို မူလတန်းမှာ ကိုယ်ကျင့်တရားဆိုင်ရာ ဖွံ့ဖြိုးမှု ပေးအပ်နိုင်ဖို့ဟာ ပညာရေးရဲ့ အဓိက ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်တယ်လို့ ဆိုရမယ်။ ဒါနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့ စဉ်းစားကြည့် ကြရအောင်ပါ ။ ကျွန်တော်တို့ဆီမှာ မိဘတွေ၊ ဆရာတွေက ကလေးငယ်တွေကို ကိုယ်ကျင့်တရားဆိုင်ရာဖွံ့ဖြိုးမှုထက် အမှတ်တွေအများကြီး အဆင့်တွေအများကြီးရအောင်သာလုပ်နေကြတာ။ ဆရာတွေအနေနဲ့ကလည်း အထက်က ချမှတ် ပေးထားတဲ့ “ ဘယ်အချိန်မှာ သင်ခန်းစာ ဘယ်လောက်ပြီးရမယ် ” “ ကလေးတွေရဲ့ ရမှတ်တွေ မြင့်မားရမယ် ” ဆိုတာ လောက်ကိုသာလျင် ဂရုစိုက်ကြတာ ။ ဆရာတွေအတွက်က ကလေးတွေကို ရမှတ်ကောင်းအောင်မသင်ဘဲ ၊ ကိုယ်ကျင့် တရားဆိုင်ရာ ဖွံ့ဖြိုးမှုအတွက်ချည်းသာလျင် လုပ်နေရတာ သူ့တို့အတွက်သိပ် အဓိပ္ပာယ်မရှိလှဘူး လို့ထင်နေကြတာ။ ကိုယ်ကျင့်တရားဆိုင်ရာဖွံ့ဖြိုးမှုကလည်း လက်ဆုပ်လက်ကိုင်မပြနိုင်ဘူး။ ရမှတ်တွေကသာလျင် လက်ဆုပ်လက်ကိုင် ပြနိုင်တော့ကာ ဆရာတွေအနေနဲ့ လေ့ကျင်ခန်းတွေကိုသာလျင် သင်ကြားပေးဖို့ အာရုံစိုက်ကြရတော့တာပဲ ။
ဆရာအခွင့် အရေးကို ချိုးဖောက်ပြီး အထက်က လမ်းညွန်ချမှတ်သူတွေကလည်း သူတို့အတွက် တိုင်းတာရလွယ်ကူတဲ့ အဆင့်တွေ ၊ အမှတ်တွေ ၊ သင်ခန်းစာပြီးစီရေးသာလျင် အာရုံစိုက်ကြတာ ။ ဒါကြောင့် မူလတန်းပညာရေးအတွက် အရေးအကြီး ဆုံး ကိုယ်ကျင့်တရားဖွံ့ဖြိုးရေး ၊ ကိုယ်ကျင့်တရားပညာရေးကို မျက်ကွယ်ပြုလိုက်ကြတာကိုတွေ့ရမယ်။
မူလတန်းနှင့် အဆင့်ရမှတ်
အသေအချာစဉ်းစားကြည့်ရင် မူလတန်းမှာ အဆင့်ရမှတ်တွေရလို့ အဲဒီကလေးအတွက် ဘာတွေများ ကိုယ်ကျိုး စီးပွားမြင့်မားလာ နိုင်မလဲ ဆိုတာကိုတွေ့ရမယ်။ အလယ်တန်းကလေး အဆင့်ကောင်းနေရင်း အလယ်တန်းနဲ့ အညီ ချိတ်ဆက်ထားတဲ့ သက်မွေးပညာရေးတွေ ဆီကိုသွားနိုင်ကောင်းသွားမယ်။ အထက်တန်ကလေးကလည်း ထိုနည်း လည်းကောင်းပါပဲ ။ ဒါပေမယ့် မူလတန်းအရွယ် ရမှတ်နဲ့ ချိတ်ဆက်ထားတယ်ဆိုတာမျိုးက ပညာရေးမှာ မရှိသလောက်ပါပဲ ။ လိုလည်း မလိုအပ်ပါဘူး ။ ဒါကိုမှ ဘာကြောင့်ကျွန်တော်တို့ရဲ့ မိဘ ဆရာနဲ့ ပညာရေးလမ်းညွန်သူတွေက အဆင့်ရမှတ်တွေကို အဓိက ထားနေကြသလဲ ။ ဒီလို ဆိုတဲ့အတွက် ကလေးတွေရဲ့ဘာသာစကားကျွမ်းကျင်မှု ၊ သင်္ချာ ၊ ပထ၀ီ ၊ သမိုင်း ၊ သိပ္ပံ စတဲ့ အကဲဒမစ် အရည်အသွေးတွေဟာ မလိုအပ်ဘူး လို့ မဆိုလိုဘူး။ ဒါပေမယ့် ပညာရေးပညာရှင်တွေ ဥပမာ အေမီ ဂတ် မန်းတို့ လိုပညာရှင်တွေရဲ့ အမြင်က မူလတန်းအ ရွယ်မှာ ဖြင့် ကိုယ်ကျင့်တရားဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်သင့် ဆုံးကာလပဲ ။ တခြား အလယ်တန်းနဲ့ အထက်တန်းမှာ အဆင့် ၊ ရမှတ်တွေနဲ့ ဆက်စပ်နေတဲ့ လူ့အဖွဲ့အစည်းအတွင်း အကျိုးစီးပွားတွေ ရှိလာတော့ကာ ကိုယ်ကျင့်ပညာရေးဆိုတာကို ချမှတ်ဖို့ မလွယ်လှဘူး ။ပြီးတော့ ငယ်ရွယ်စဉ်မှာ ကိုယ်ကျင့်ဖွံ့ဖြိုးမှုကို ပြုစုပျိုးထောင်ဖို့ အတွက် အကောင်းဆုံး အရွယ်လို့ သတ်မှတ်ကြတယ်။ ပညာရှင်တွေက မူလတန်းကလေးအရွယ် ကလေးငယ်တွေ အမှတ်တွေ ၊အဆင့်တွေ အလွန်ကောင်းနေတာ ဟာ သူတို့အတွက်ရော ၊ သူတို့နဲ့ ဆက်စပ်နေတဲ့ လူ့အဖွဲ့ အစည်းအတွက်ပါ ဘာမျှ အကျိုးမများလှဘူး၊အဲဒီအရွယ်မှာ ကလေးတွေအဆင့်တွေကောင်းနေလို့ အနာဂတ်လူ့ အဖွဲ့အစည်းအတွက် တရားမျှတမှု ကိုယူဆောင်လာနိုင်မှာ မဟုတ်ဘူး ။ ကလေးငယ်တွေအနေနဲ့လည်း တရားမျှတမှု ဆိုတာကိုတန်းဖိုးထားတတ်မှာ မဟုတ်ဘူး လို့ကိုမြင်တာ။ သူတို့တွေအနေနဲ့ လူ့အဖွဲ့အစည်းအတွက် တရားမျှတမှု ၊ နားလည်လက်ခံပေးမှုတွေ ယူဆောင်ပေးဖို့ဆိုတာ မူလတန်းအရွယ်မှာ ကိုယ်ကျင့်တရားပညာရေးတွေကို အရေအးဖတ်အပြော အရည်အသွေးတွေလို ဒါမှမဟုတ် အရေးအဖတ်အပြောအတွက် အချက်ဆိုတာထက် ပိုပြီး လေးလေး နက်နက်ထား သင်ကြားပေးဖို့ လိုအပ်တယ်။ ဒီလိုအရေးကြီးတဲ့ လိုအပ်ချက်ကို ကျွန်တော်တို့ရဲ့ မူလတန်းမှာ လစ်လျူထားပြီး ကလေးတွေကို သာမန်လေ့ကျင်ခန်းတွေတနင့်တစ်ပိုးနဲ့ အဆင့် ရမှတ် ဆိုတာတွေအတွက်သာလျင် ပုခိုးထမ်း ဆောင်ရွက်နေစေတာပါ။
ကိုယ်ကျင့်တရာဖွံ့ဖြိုးဖို့
တကယ်လို့ ပညာရေးပေါ်လစီ ချမှတ်သူ ၊လမ်းညွန်ချက်ပေးနေသူတွေကို ကလေးတွေကို ကိုယ်ကျင့်တရား ပညာရေးပေးအပ်ရမယ်လို့သွားပြောရင် သူတို့က အလွန်တရာ တတ်သိနားလည်တဲ့ ပုံစံနဲ့ သူတို့မှာလည်း ကိုယ်ကျင့်ဖွံ့ဖြိုးမှု အတွက်ပေးထားပြီးသားပါလို့ ခပ်ကြွားကြွားလေး ပြန်ပြောမှာတော့ အမှန်ပဲ။ သူတို့က ကလေးတွေ ဘုရားရှစ်ခိုးတာတွေ ၊ သင်ရိုးညွန်းတမ်းတွေထဲမှာ ဘာသာရေးအခြေခံ ကိုယ်ကျင့်တရားအမြင်တွေထည့်ဝင်ထားတာတွေကိုကိုယ်ကျင့်ဖွံ့ဖြိုးမှု ဆိုပြီး လက်ညှိုးထိုးပြနေတော့မှာပါ။ တကယ်လည်း ကျောင်းတွေမှာ လုပ်ကိုင်နေတာကိုကြည့်ရင် ၊ ဖတ်စာအုပ်တွေကို ကြည့်ရင် သူတို့ဆိုလို ချင်တဲ့ ကိုယ်ကျင့်တရားဆိုတာကိုတွေ့ရမယ်။ ယနေ့ ကျွန်တော်တို့ရဲ့ကျောင်းတွေမှာ မစို့မပို့လောက်ပေးနေတဲ့ ကိုယ်ကျင့်တရားပညာရေးဆိုတာ နိုင်ငံသား ဖြစ်မှု အပေါ်အခြေခံထားတဲ့ ကိုယ်ကျင့်တရားမဟုတ်ဘဲ ၊ လွှမ်းမိုးကြီးစိုးဆဲ ဘာသာရေးကို အစွန်းရောက်အခြေခံထားတဲ့ ကိုယ်ကျင့်တရား အခြေခံမျိုးသာလျင်ဖြစ်တယ်။ တကယ်တော့ နိုင်ငံသားဖြစ်မှု အပေါ်အခြေခံတဲ့ ကိုယ်ကျင့်တရား အခြေခံဆိုတာ ဘာသာရေးအခြေခံကိုယ်ကျင့်တရား ထက်ပိုပြီး နက်ရှိုင်းကျယ်ဝန်းတယ်။ လူ့အဖွဲ့အစည်းအတွင်း လူမှု ရေးဆိုင်ရာ တရားမျှတမှုအတွက် ပိုပြီး လိုအပ်တဲ့ ကိုယ်ကျင့်တရားဖွံ့ဖြိုးမှုမျိုးပဲ။ ကျောင်းတွေမှာ သင်ကြားပေးရမယ့် ကိုယ်ကျင့်တရားဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်တန်ဖိုးထားတဲ့ ဆက်ဆံရေးတွေ ၊ ဘာသာလူမျိုး လူတန်းစား အားလုံးအတွက်အကျုံးဝင်မယ့် မှန်ကန်တဲ့အပြုအမူ ၊ မှားယွင်းတဲ့ အပြုအမူတွေ ၊ စရိုက်တွေသာလျင်ဖြစ်ရမယ်။ အဲဒီလို အမှန်အမှားအပြုအမူတွေကို သင်ကြားတဲ့နေရာမှာ ဘာသာရေးအခြေခံအတွင်းကထက် နိုင်ငံသားဖြစ်မှု အခြေခံ အတွင်း ကနေသာလျင် သင်ကြားပေးရမှာဖြစ်တယ်။
မူလတန်းကလေးတွေ တကယ်လိုအပ်တဲ့အရာ
မူလတန်းကလေးတွေ တကယ်လိုအပ်တဲ့ အရာဆိုတာ အကဲဒမစ်အရည်အသွေးသက်သက်မဟုတ်ဘူး ၊ အဲဒီအရာတွေထက်မပိုရင်တောင်မှ တန်းတူနည်းပါးလိုအပ်တဲ့ လူမှုရေးဆိုင်ရာ သည်းခံနားလည်မှု ၊ စိတ်ပိုင်းဆိုင်ရာမြင့်မားမှု နဲ့ စိတ်လှုပ်ရှား ခံစားနိုင်စွမ်းရှိမှုဆိုတဲ့ အရာတွေပဲ ။ ဒီအရာသုံးခုကကိုပေါင်းပြီး ကိုယ်ကျင့်တရား ( moral ) လို့ခေါ်ဆိုနိုင်သလို ဒီအရာသုံးခု ကလေးတွေမှာ မြင့်မားဖွံ့ဖြိုးလာအောင် လုပ်ခြင်းကိုသာလျင် ကိုယ်ကျင့်တရား ဖွံ့ဖြိုးအောင် ပြုစုပျိုးထောင်ခြင်းလို့ ခေါ်တယ်။ အဲဒီလိုလုပ်ပေးနိုင်မှသာလျင် ဘာသာ၊လူမျိုးမခွဲခြား တဲ့ ကိုယ်ကျင့်တရားဆိုင်ရာဖွံ့ဖြိုးမှုလို့ ဆိုရမယ်။ စာသင်ခန်းထဲမှာ ဘုရားဝတ်ပြုရုံသက်သက် ၊ ဆရာရှေ့ခေါင်းငုံ့သွား ၊ လက်ပိုက်ရုံသက်သက်ကို ကိုယ်ကျင့်တရားဖွံ့ဖြိုးမှု လုပ်နေတာလို့ ဘ၀င်ခိုက်နေတဲ့ စိတ်တွေကို ကျွန်တော်တို့ ပညာရေးက စွန့်လွှတ်သင့်နေပါပြီ ။ မူလတန်းပညာရေးရဲ့ ရည်ရွယ်ချက်က ကိုယ်ကျင့်တရားဖွံ့ဖြိုးမှုမြင့်မားလာဖို့ပဲ ။ ဒီအတွက် ကိုယ်ကျင့်တရား ဖွံ့ဖြိုးမှု ဆိုတာ ကလေးငယ်တွေ လူ့အဖွဲ့အစည်းအတွင်းက သူတို့ရဲ့ နေရာကိုနားလည်လာအောင်လုပ်ပေးနိုင်မှဖြစ်မှာ ။ လူ့အဖွဲ့ အစည်းအတွင်းက တခြားသူတွေရဲ့ အမြင်တွေအပေါ်နားလည်လက်ခံလာအောင်လုပ်ပေးနိုင်မှ ၊ ကလေငယ်တွေ သူတို့ရဲ့ ကိုယ်ပိုင် အစွမ်းအစတွေ ၊ ကိုယ်ပိုင်ခွန်အားတွေ ၊ စိတ်လှုပ်ရှားခံစားနိုင်စွမ်းတွေကို နားလည်အောင် လုပ်ပေးခြင်းကိုသာ လျင် ကိုယ်ကျင့်တရား ဖွံ့ဖြိုးမှုလို့ ခေါ်မယ်။ ဦးတော်ခေါ် ခေါင်းချတတ်တဲ့ ဘာသာရေးအခြေခံကိုယ်ကျင့်တရားကို ပညာရေးကနေ အမှန်တကယ်လိုအပ်တဲ့ နိုင်ငံသားအခြေခံကိုယ်ကျင့် တရားဆိုတာနဲ့ ကွဲပြားဖို့ ကျွန်တော်တို့ ပညာရေး အဆောက်အအုံမှာ လိုအပ်နေပြီလို့ ဆိုရမယ်။

မင်းခက်ရဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...