Sunday, January 25, 2015

#‎ပြည့်တန်ဆာတစ်ယောက်လည်း‬ ချစ်တတ်တယ်မောင်#

ခေါင်းပုံအထပ်ထပ်ဖြတ်ခံပြီးမှ
ရလာတဲ့ ရှိစုမဲ့ပိုက်ဆံနဲ့
မောင်ပူဆာတဲ့ ဟန်းဖုန်းဝယ်ပေးဖို့
ကျမလက်မတွန့်ခဲ့ဖူးဘူးမောင်
အရက်မူးလာတိုင်းတော့
ကျမကို"အပျက်မ"လို့မဆဲပါနဲ့

စားဝတ်နေရေးသက်သက်အတွက်
မိသားစုကို ဖာခံကျွေးနေပေမဲ့
ကျမက အင်မတန်ယဉ်ကျေးချင်သူပါ မောင်
ဒါဟာသိပ်ရယ်စရာကောင်းတဲ့ ပျက်လုံးလို့
မောင်တို့ လူ့အဖွဲ့စည်းကြီးက
ဟားတိုက်ချင် တိုက်လိမ့်မယ်
"အချစ်နဲ့လိင်ဆက်ဆံရေးကို"
ကျမတို့လို တိတိကျကျ
ခွဲခြားနားလည်နိုင်လောက်အောင်တော့
မယဉ်ကျေးကြကြောင်း
ဝန်ခံပါမောင်...
ခပ်ရွတ်ရွတ်ပြောတယ်ပြောပြော
ကျမတို့က
လူမျိုးရေးမခွဲခြားဘူးမောင်
ဘာသာရေးမခွဲခြားဘူးမောင်
အိပ်ခန်းထဲရောက်ရင်
အားလုံးဟာ
ဖောက်သည်တွေအဖြစ်
သွေးချင်းနီးရပါတယ်
ကျမတို့လောက်
မောင်တို့မယဉ်ကျေးကြောင်း
ထပ်ဝန်ခံပါမောင်
လူ့ဂုဏ်သိက္ခာကို
အပေါ်ယံလူနေမှုအဆင့်အတန်းအလိုက်
ခွဲခြားဆက်ဆံမှုတံတိုင်းတွေနဲ့
အထပ်ထပ်ကာရံထားကြပေမဲ့
ကျမတို့အိပ်ခန်းထဲက
အဆီတဝင်းဝင်း ရာဂပြင်းပြင်း
လူကြီးလူကောင်းတွေမျက်နှာတွေကို
သိပ်မြင်စေချင်တာပဲမောင်
သူတို့ဂုဏ်သိက္ခာဆိုတာ
ကျမတို့စအိုဝကိုတောင်
တံတွေးစွတ်
မဖွယ်မရာလုပ်ချင်ကြသေးတာမောင်
ကျမ သိပ်ရိုင်းသွားသလား
"ဟုတ်တယ်မောင် အမှန်တရားတွေက
အဲ့သလို ခပ်ရိုင်းရိုင်းတွေများတယ်"
ဒီစနစ် ဒီခေတ် ဒီလူတွေနဲ့
ဒီယဉ်ကျေးမှုတွေ ကြားထဲမှာ
ကျမလိုမိန်းမအတွက်
မျှော်လင့်ချက်များများ မရှိဘူးမောင်
စားဝတ်နေရေးအတွက်
ပိုက်ဆံနည်းနည်းရယ်
မောင့်မေတ္တာနဲ့စာနာမှုနည်းနည်းရယ်
အရည်အသွေးကောင်းတဲ့
ကွန်ဒုံးတွေရယ်ပဲလိုပါတယ်
အဖမ်းအဆီးကြမ်းတဲ့ကာလတွေမှာတော့
ပိုက်ဆံတွေခဏခဏမတောင်းပါနဲ့လားမောင်ရယ်
မောင်မျက်နှာမကောင်းရင်
ကျမသိပ်စိတ်ညစ်တာပဲ
တရားဝင်မဟုတ်တဲ့
ကျမတို့စီးပွားရေးမှာ
စိန်ခေါ်မှုတွေသိပ်များတယ်
ခေါင်းကြေးနဲ့ရဲကြေးနှုတ်ရင်
မိတ်ကပ်ဖိုးတောင်မကျန်ဘူးမောင်
ပြည့်တန်ဆာဆိုတာ
ပျော်လို့လုပ်တယ်ပြောကြသူတွေ
ကျမတို့နေရာ
တစ်လလောက်သာ
နေကြည့်စမ်းစေချင်တယ်မောင်
အဟာရဆာလောင်မွတ်သိပ်မှု သက်သက်ကိုပဲ
ဖြေရှင်းနေရတာမဟုတ်တဲ့ ဘဝမှာ
အရင်းကြီးကြီးရယ်လို့
ခန္ဓာကိုယ်တစ်ခုသာရှိတော့လဲ
ပြတ်ပြတ်သားသား
ချခင်းရတော့တာပေါ့မောင်
လိုအပ်ချက်တွေများသလောက်
ရွေးချယ်စရာ အခွင့်အလမ်းတွေ
နည်းပါးလွန်းလှပါလားရယ်လို့မှ
နားမလည်နိုင်အောင်
နုံအတဲ့ သူတို့ကို
ကျမအများကြီးရှင်းမပြချင်တော့ဘူးမောင်
မောတယ်....
ဒီလိုလူတွေဆီကတော့
လူသားချင်းစာနာထောက်ထားမှု
အကာကွယ်တွေ
မမျှော်လင့်ရဲပါဘူးမောင်
မောင်အနိုင်မကျင့်ရင်နေပျော်ပြီ
သစ္စာမလိုဘူးမောင်
ချစ်ပေးနေရုံနဲ့ ကျေနပ်ပြီ
မေတ္တာကိုနားမလည်ရင်နေပါစေ
ပြည့်တန်ဆာတစ်ယောက်လည်း
ချစ်တတ်ပါတယ်လို့
မောင့်ကိုပဲ
အခါခါရှင်းမပြရတောင်
လူဖြစ်ကျိုး နပ်ပြီမောင်
credit to Vi Ra

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...