Monday, January 19, 2015

ခွေး

ခွေးတွေကို သိပ္ပံပညာ၊ ဇီဝပညာနဲ့ ပေါင်းစပ်ပြီး လူသားတွေဟာ အသိဉာဏ်တစ်ခုရိုက်သွင်းခဲ့ကြတယ်။
“ခွေးတွေကို လူတွေက ဖန်ဆင်းခဲ့တယ်
လူတွေဟာ ခွေးတွေ အတွက် ဘုရားသခင်လို့”

၂။
အဲဒီက စလိုက်တာပေါ့။
ခွေးတွေဟာ လူတွေကို တွေ့တာနဲ့ အမြီးနှံ့ပြီး ရှိခိုးကြတယ်။ လူတွေကို ရှိခိုးပြီး လူတွေဆီက အစားအစာရဖို့ ဆုတောင်းကြတယ်။

တစ်ချို့ခွေးတွေဟာလည်း တခြားလမ်းက မျက်နှာစိမ်းခွေးတွေကို ၀ိုင်းကိုက်ပြီး
လူဆိုတဲ့ ဘုရားသခင်ကို ယဇ်ပူဇော်ကြတယ်။


၃။
တစ်ချို့ခွေးတွေကတော့ လိမ္မာကြပါတယ်။
ခွေးပညာရေးဟာ တစ်စထက် တစ်စ ခွေးလောကမှာ မြှင့်မားလာကြတယ်။
ခွေးများ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးလို့ တစ်ချို့ခွေးတွေက လုပ်ကြတယ်။
ခွေးခွေးချင်း စုစည်းပြီး ခွေးနိုင်ငံတွေ ထူထောင်ကြတယ်။ ခွေးနိုင်ငံ နယ်နိမိတ်တွေ သတ်မှတ်ကြတယ်။
တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် ခွေး သံအမတ်တွေ စေလွတ်တယ်။ ခွေးခွေးချင်း ချစ်ကြည်ရေးတွေ လက်မှတ်ထိုးကြတယ်။

၎။
သိမှုများသွားလို့လား၊ လွဲသွားလို့လား မသိတဲ့ ခွေးတွေလည်း ထွက်ပေါ်လာတယ်။
သူတို့ဟာ ခွေးတွေကို ဆော်အောတယ်။ တိုက်တွန်းတယ်။ ဟောပြောတယ်။
“အို … အသင်ခွေးတို့
ခွေးဆိုတာ
တိရိစ္ဆာန်ထဲအမျိုး အနွယ်သာလျင်ဖြစ်တယ်
လူဆိုတဲ့ ဘုရားသခင်က ဖန်ဆင်းတာ မဟုတ်ဘူး”
အဲလို ပြောတော့ ကျန်တဲ့ ခွေးအချို့ တွေဝေကြတယ်။ ယုံကြည်ကြတယ်။
ဘာသာမဲ့ ခွေးများ၊ အစွန်းရောက်ခွေးများ ပေါ်ထွက်လာတယ်။ ခွေးလောကဟာ ရှုပ်ထွေးလာတယ်။

၅။
ခွေးနယ်နိမိတ်လုတဲ့ စစ်ပွဲတွေကနေ ခွေးဘာသာရေး ကွဲပြာမှု၊ ခွဲခြားမှု စစ်ပွဲတွေ ဖြစ်လာတယ်။ တစ်ချို့ခွေးတွေက အသားဖြူတဲ့ လူကမှ သူတို့ ဘုရားသခင်အဖြစ် ယုံကြည်လာတယ်။ တစ်ချို့ခွေးတွေက အသားမည်းတဲ့ လူကမှ ခွေးတို့ရဲ့ ဘုရားသခင်အဖြစ် ယုံကြည်ကြတယ်။
ခွေးဘာသာရေးဟာ တစ်မျိုးကနေ လေးမျိုး၊ ငါးမျိုး ကွဲလာတယ်။
နောက်ပိုင်း မရေမတွက်နိုင်တော့အောင် ခွေးဘာသာရေးတွေ များလာတယ်။
အသားဖြူတဲ့ လူတောင်မှ အရပ်ရှည်တဲ့ လူကမှ ခွေးတို့ရဲ့ ဘုရားသခင်၊ အရပ်ပုမှ ခွေးတို့ရဲ့ ဘုရားသခင် အစုံအလင်ဖြစ်လာတယ်။
တစ်ချို့ခွေးတွေက လူပုံစံ ရုပ်ထုကို ထုလုပ်ပြီး ကိုးကွယ်ရှိခိုးကြတယ်။ အဲဒါကို တစ်ချို့ခွေးတွေက လှောင်ပြောင်ကြတယ်။ ရယ်မော ဟားတိုက်ကြတယ်။ ရုပ်ထုက မင်းတို့ကို အစာမကျွေးဘူး။ ငါတို့က အစာကျွေးတဲ့ လူဘုရားစစ်စစ်ကိုပဲ ကိုးကွယ်မယ်လို့ ဆုံးဖြတ်ထားကြတယ်။

၆။
နောက်ပိုင်းမှာ ခွေးတွေရဲ့ လက်နက်က စုံလင်လာပြီ။ ဓါး၊ လှံ မဟုတ်တော့ဘူး။ သေနတ်တွေ၊ ဗုံးတွေ၊ အမြှောက်တွေနဲ့ အစုံအလင် တိုက်ပွဲဖြစ်ကြတယ်။
ခွေးစစ်တပ် အချင်းချင်း သတ်ကြဖြတ်ကြတယ်။
နောက်ပိုင်းမှာ ခွေးနိုင်ငံတွေဟာ အရွယ်ရောက်ပြီးခွေးတိုင်း ခွေးစစ်တပ်မှာ ၀င်ရောက်ရမယ်လို့ သတ်မှတ်ကြတယ်။ ချမ်းသာတဲ့ ခွေးတွေကလည်း လက်နက်ထုတ်ရောင်းကြတယ်။ ခွေးနိုင်ငံအချင်းချင်း မဟာမိတ် ဖွဲ့ကြတယ်။
စစ်ပွဲကြီးဟာ တဖြည်းဖြည်း ကြမ်းလာခဲ့ပြီ။
ဝုန်းဒိုင်းကြမ်း ဆူညံလာခဲ့ပြီ။
ပထမ ခွေးကမ္ဘာစစ်၊ ဒုတိယ ခွေးကမ္ဘာစစ်ကနေ တတိယခွေးကမ္ဘာစစ်အထိ ဦးတည်လာခဲ့ပြီ။

၇။
ခွေးနိုင်ငံအချို့ဟာ အာဏာရှင် ဆန်တယ်။ ခွေးအာဏာရှင်ဟာ ခွေးပြည်သူတွေကို နှိပ်ကွပ်တယ်။ တစ်ချို့ခွေးနိုင်ငံက ခွေးခေါင်းဆောင်တွေဟာ ခွေးလိမ်ညာတွေ ဖြစ်တယ်။ ခွေးဒီမိုကရေစီနိုင်ငံတွေကလည်း ဒီမိုကရေစီ ပေးဖို့ ခွေးပြည်သူတွေကို မနှိပ်ကွပ်ဖို့ တိုက်တွန်းတာပဲ။
ဒါပေမယ့် မရဘူး။ ညစ်ပတ်တဲ့ ခွေးခေါင်းဆောင်တွေဟာ ခွေးဒီမိုကရေစီ ပေးသလိုလို လုပ်ပြီး ခွေးပြည်သူတွေကို ဖမ်းတယ်။ နှိပ်စက်တယ်။ ဒါကို ခွေးဒီမိုကရေစီ စစ်စစ်ရှိတဲ့ ခွေးခေါင်းဆောင်တွေက မကြိုက်ကြဘူး။ ဒီကြားထဲ ခွေးခရိုနီတွေဟာ ခွေးအာဏာရှင်တွေနဲ့ ပေါင်းပြီး ခွေးချမ်းသာတွေ ဖြစ်လာကြတယ်။ မသိနားမလည်တဲ့ ခွေးတွေကလည်း ဆင်းရဲလာကြတယ်။
ခွေးအာဏာရှင်တွေက ခွေးနယ်မြေတွေကို ခွေးတပ်ပိုင်မြေအဖြစ် သတ်မှတ်တယ်။ အနိုင်ကျင့်ကြတယ်။ ခွေးပြည်သူတွေကလည်း ခွေးဆန္ဒတွေ ပြကြတယ်။
ခွေးလောကဟာ အဆုံးအစွန်ထိ ရှုပ်ထွေးလာတယ်။

၈။
ပိုရှုပ်ထွေးသွားတာက ခွေးကဗျာဆရာတွေ ပေါ်ထွက်လာတာပဲ။ ခွေးကဗျာဆရာတွေဟာ ခွေးအာဏာရှင်တွေကို တော်လှန်ဖို့ ခွေးကဗျာတွေရေးလာကြတယ်။ ခွေးခေါင်းဆောင်တွေကလည်း ခွေးကဗျာဆရာတွေကို နှိပ်ကွပ်တယ်။ ဖမ်းဆီး ထောင်ချကြတာပဲ။
ခွေးလောကရဲ့ ခွေးကုလသမ္မဂဟာလည်း မထိန်းနိုင်တော့ဘူး။

၉။
အဲလိုနဲ့ပေါ့။
နောက်ဆုံးမှာ ခွေးတွေဟာ လုံးဝ အစွန်းရောက်သွားတယ်။
သူတို့ ယုံကြည်ထားတဲ့ အရာတစ်ခုကို ကာကွယ်ဖို့ အတွက် ဘယ်ခွေးမှ အရှင်မထားဘဲ ငါခွေးတစ်ကောင်သာလျှင် ကျန်မှ ကိစ္စအေးမယ်လို့ ခွေးတိုင်းဟာ ဆုံးဖြတ်လိုက်ကြတယ်။
အဲဒီမှာ တွေ့သမျှ ခွေးတိုင်းဟာ တွေ့တာနဲ့ ကိုက်တော့တာပဲ။ ခွေးတွေ သေလိုက်တာ မနည်းဘူး။ ခွေးအရိုးခေါင်းတွေဟာ တောင်လို ပုံလို့။ ခွေးသွေးတွေဟာ မြစ်တွေလို စီးလို့ ဖြစ်လာပြီ။
ခွေးလောကဟာ မျိုးတုန်းလုပြီ။ ပပျောက်လုပြီ။
အဲလိုနဲ့။
အဲလိုနဲ့။
အဲလိုနဲ့ပေါ့။
လူသား သိပ္ပံနဲ့ ဇီဝ ပညာရှင်တွေဟာ ခွေးတွေဆီ ထည့်ထားလိုက်မိတဲ့ အသိဉာဏ်တစ်ခုကို ပြန်ထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ကြပြီး အကောင်ထည်ဖေါ်ဆောင်လိုက်ကြတယ်။

၁၀။
ခွေးလောကဟာ ခုဆို အေးချမ်းသွားခဲ့ပါပြီ။
အိပ်၊စား၊ ကာမ သုံးခုသာ လုပ်ကြတယ်။
နည်းနည်းပေါ့။ သခင်ကို သိတယ်။ အစာတောင်းမယ်။ ရန်ဖြစ်လည်း နည်းနည်းပါပဲ။
တော်တော်ကို အေးချမ်းသွားခဲ့တာပါ။
ဘယ်လောက်ထိလဲဆို
ခွေးတစ်ကောင်ဟာ သူ့ကိုသူ ခွေးမှန်းတောင် သေချာ မသိတော့တဲ့ အထိပါပဲ။


= ရင်နင့်အောင် =

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...