Saturday, December 13, 2014

ငါ့နှယ့်နော်…

Kzw Khinzawwin's photo.

ငါ့နှယ့်နော်…
ညကြီးမိုးချုပ် …အိမ်ကို သရဲမ…သတင်းသယ်ဆောင်လာသူက မိဂျိုး…။
အမေနဲ့အစ်မက အဲလို… အမင်္ဂလာ သတင်းတွေဆို…မကြားချင်ဘူး။ မိဂျိုးမက အလိုက်မသိ… ည (၇) နာရီလောက် မှောင်မှ တစ်အိမ်တက် တစ်အိမ်ဆင်း အာပေါင် …အာရင်းသန်သန်နဲ့အိမ်ရှေ့ကွပ်ပျစ်မှာ ထိုင်နေကြတဲ့အမေ /အစ်မနဲ့ကလေးတွေကို သရဲမ…တွေ့ရှိကြောင်း…။

ရွာအနောက်ပိုင်းက ဘယ်သူ့အိမ်မှာဆိုလားပါပဲဗျာ… ။
တိုးတိုးပြောပြနေတဲံ့ မိဂျိုး အသံ ခပ်သဲ့သဲ့ကို အိမ်ပေါ်မှာ ချမ်းလို့ကွေးနေတဲ့ ကျနော်လည်း ခပ်အုပ်အုပ်ကြားတာပေါ့။
အညာ ဆောင်းက အေး…ရတဲ့အထဲ။
ဆောင်းနေ့တွေက မိုးချုပ်စောတော့ အစောကြီးမှောင်တာ။
မိဂျိုး…လာပြောတာက သရဲမ…အကြောင်း…။
ကျနော်က ရွာမရောက်တာ ကြာတော့ ကိုယ့်အိမ်အနီးကလွဲလို့ တချို့မိသားစု နာမည်တွေ မသိဘူး။
မိဂျိုးမ ကြတော့ တစ်ရွာလုံးက သတင်းထူး…ကို သူအရင် သိနေတတ်တယ်။ ကျနော်တို့ရပ်ကွက်ရဲ့ မျက်စိ နား ဆိုလည်း ဟုတ်တယ် ။ ဘီဘီစီ ဘီအိုအေ ဆိုလည်း မမှားဘူးပေါ့။
ဖြစ်ပုံ အကြမ်းဖျင်း သိ ကြားရတာ ဒီလို…။

ရွာ အနောက်ပိုင်းက ဘယ်သူ့အိမ်မှာဆိုလားဘဲ…။
အဲဒီအိမ်က ကောင်မလေးက ရန်ကုန်မှာ အလုပ် လုပ်နေရင်း ရွာပြန်ရောက်လာတာက စပြောရမယ်။
မြို့မှာ အလုပ်လုပ်နေသူဆိုတော့ ဟာဝေးဖုန်း ကိုင်နေသူဆိုပါတော့…။
 စဖြစ်ပုံက အမှတ်မထင်…။ သူ့အစ်မ နဲ့အိမ်မှာရှိတုန်း ဖုန်းနဲ့အစ်မဖြစ်သူကို ရန်ကုန်မပြန်ခင် အမှတ်တရ …ရိုက်ဖြစ်တယ်။ ရိုက်ပြီး ပုံတွေ ပြန်စစ်ရင်း မလှတဲ့ပုံဖျက်…
လှတဲ့ပုံ ချန်… ။ ဟာဝေးဖုန်း ပွတ်နေတုန်း သူရိုက်လိုက်တဲ့ဓာတ်ပုံထဲမှ
သူ့အစ်မ နောက်က ထရံမှာ ချိတ်ထားတဲ့စကောနှစ်ချပ်ကြား၌ ဆံပင် ဖားလျားချထားတဲ့သရဲမရဲ့ကိုယ်တစ်ပိုင်းပုံ ပေါ်နေကြောင်း ။ သရဲမ…ပါးစပ်မှာလည်း သွေးစက်တွေ စီးကျနေကြောင်း…။ သရဲမ ခဗျာ…ငယ်ရွယ်ကြောင်း ။ သနားစဖွယ်ပင်ကောင်းကြောင်း…။
နောက်တစ်ကြိမ် မသင်ကာ၍ ထိုစကော နှစ်ချပ်ကို ဖုန်းကင်မရာနဲ့ချိန်ရိုက်သော်လည်း
ဓာတ်ပုံထဲ မှာ…စကောနှစ်ချပ်သာ ပေါ်ကြောင်း…။ စကောနှစ်ချပ်ကြားက သရဲမပုံပေါ်မလာတော့ ကြောင်း…။
မိဂျိုး သတင်းထူးကို လာပြီး နားထောင်ကောင်းလို့ ကျနော်တို့ခြေရင်းအိမ်က ဂျင်လုံး…ထမင်းအိုးပျော့ကုန်လို့ သူ့အမေ မဗျိုင်းက ကလော်တုပ်နေတာလည်း
ကြားမိလိုက်တယ်။ဘေးအိမ်က ကလေးပေါက်စ အမေလည်း ည…မအိပ်ရဲတော့လို့ တောင်ပိုင်းက သူ့ညီမ ခေါ်အိပ်ရတယ် သတင်းကြားမိပြန်တယ်။
မနက်ရောက်တော့လည်း သို့လော သို့လော…
သရဲမ သတင်းက ဘေးရွာ တွေထိ ပျံ့နေတာ သတိထားဖြစ်တယ်။ ဓာတ်ပုံရိုက်သူ ကောင်မလေးထံက ကူးယူထားလို့ ရွာလယ်က ဘယ်သူ့ထံမှာ ဓာတ်ပုံရှိကြောင်း…မြင်ခဲ့သူတွေက သရဲမ ပုံသဏ္ဍာန်ကို ထပ်ဆင့်ပြောပြနေကြပြန်တယ်။
သရဲမ သတင်းဟာ…သတင်းကြီးလာတာနဲ့အမျှ စကားတွေကလည်း ကားကားလာနေတယ်။
ဘယ်အရာ အမှန်လည်း မသိရတော့ဘူး။
ကျနော်လည်း ဓာတ်ပုံထဲအမှတ်မထင် ပါလာတဲ့သရဲမ ပုံမြင်ဖူးချင်လာတယ်။
သရဲ စစ်စစ် အပြင်မှာတကယ်မြင်ဖူးဖို့ မလွယ်ဘူးလေ…။ ဒါနဲ့ရွာအနောက်ပိုင်းက အစ်မအိမ်မှာ ကြားနေတဲ့သတင်းဟုတ် …မဟုတ်မေးကြည့်တော့ ဟုတ်မှဟုတ်တဲ့။
ဒီနေ့တောင် နတ်ပွဲ ပင့် မေးနေကြောင်း…။ ဘာဆိုင်လို့လည်း ဘုန်းကြီးပင့် အမျှအတန်း ဝေရမှာကို… ကျနော်ပြောတော့ တရားနာဖို့လည်း စီစဉ်ထားကြောင်း သိရပြန်တယ်။ယောက္ဖဖြစ် သူကလည်း အတည်ပြုပြန်တယ်။
စတင်တွေ့ရှိသူ…
ကောင်မလေးထံက သရဲမ ဓာတ်ပုံ ကြည့်ရကြောင်း ။
အလင်းတွေက သရဲမ မျက်နှာအပေါ် တိုးယိုပေါက်ဖောက်ထွက်နေကြောင်း…။

Kzw Khinzawwin's photo.

ကျနော် ဖတ်မှတ်ဖူးတာက…သရဲဆိုတာ နူးညံ့တယ်။ မာကျောတဲ့အရာနဲ့အလင်းကို
ကြောက်တယ်။ အမဲသားနဲ့မုန့်ညှင်းဆီကြိုက်ပြီး အမှောင်ထုထဲမှာ အနေများတယ်။
သရဲတွေမှတ်တမ်းတင်မလို့လှိုင်းနှုန်းမြန်တဲ့ကင်မရာကို ဂျပန်က တီထွင်နေကြောင်းလည်း ဖတ်ဘူးထားတော့ သရဲမကို မြင်ဖူးချင်စိတ် ကျနော်ပြင်းပြလာလို့
အဲဒီ မှတ်တမ်းတင်ဓာတ်ပုံရိုက်သူ …ကောင်မလေးထံက ပုံကို ဇာဘယာနဲ့ ကူးကြည့်ချင်ကြောင်း ယောက္ဖပြောပြတော…့
အဲဒီကောင်မလေးက ရန်ကုန် ဒီမနက်ဘဲပြန်သွားပြီတဲ့။သေရော…။
ဒါပေမယ့် သူ့သူငယ်ချင်း ဆရာမ အိဖြိုးထံမှာ သရဲမပုံ ကူးယူထားကြောင်း သူတော်မောင် ၄ တန်း သမားလေးက သတင်းပေးလာပြန်တယ်။
ဒါဆို…မင်းတို့ဆရာမ အိမ်လိုက်ပို့ပေးဆိုပြီး ရွာတောင်ပိုင်းက ကျောင်းဆရာမ အိဖြိုးထံက သရဲမ…ပုံပါတဲ့ ဓာတ်ပုံကို ရလိုက်တယ် ပြောပါတော့…။ ပုံကို ဇဘယာနဲ့ကူးပြီးကြည့်
လိုက်မှ ဟုတ်တယ်…။ စကောနှစ်ချပ်အပေါ်မှာ ဆံပင်ဖားလျားချထားတဲ့ကြောက်စရာ မကောင်း…
သနားစဖွယ် သရဲမလေး…။ ငယ်ငယ် ချစ်စရာ… ကိုရီယားမင်းသမီးလေးနဲ့ပင်တူလှတယ်။
ကျနော်မှာ သတင်းမွှေးနေတဲ့သရဲမလေးပုံမြင်မှ ငိုရခက် ရယ်ကခက်…။ ဂွ့ကျပါ့…။
သြော် …
ဟို…ကောင်မလေးခဗျာ Camera 360 ကလိရင်း more Effect ထဲက Ghost ကိုရွေးပြီး သူ့အစ်မကို ဓာတ်ပုံရိုက်ခဲ့တာကိုး…။ ကိုရီယား သရဲမ ဓာတ်ပုံပါတာ ဘာစမ်းလဲ…။
ဇာတ်ပေါင်းတော့ ကျနော်မှာ… သရဲမ…ရှိနေတယ်ဆိုပြီး ဥပါဒ်ဖြစ်နေတဲ့အနောက်ပိုင်းက သရဲမလေးစတွေ့တဲ့အိမ်ကို camera360နဲ့စကောနှစ်ချပ်ကို စိတ်ရှင်းသွားအောင်…လက်တွေ့ရိုက်ပြ…
360 ကင်မရာ Effect ထဲက Ghost အကြောင်းရှင်းပြရင်း…
သူ့တို့ရင်ထဲစိုက်ဝင်နေတဲ့ သရဲမ ပုံရိပ်ဆူးကို အပြီးနုတ်ပေးလိုက်ရပြန်တယ်။နောက်ပြီး… အကြောက်လွန်ပြီး နောက်ဆံတငင်ငင် ဖြစ်နေတဲ့ရန်ကုန်က သမီးထံကိုလည်း စိတ်အေးလက်အေးနေဖို့ အကျိုးအကြောင်းရှင်းပြလိုက်ရတယ်…။
ငါ့နှယ်နော်း ( ကြုံမှကြုံ တတ်ပလေ…။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...