Tuesday, December 9, 2014

အမျိုးသားရေး တလွဲသုံးနေသလား

DVB ဒီဘိတ်ကို မန္တလေးအထူးအစီအစဉ်အဖြစ် ဒီဇင်ဘာ ၆ က မန္တလေးမြို့မှာ သွားရောက် ရိုက်ကူးဖြစ်ပါတယ်။ တကယ်တော့ ဒီဘိတ်ခေါင်းစဉ်တွေကို ခြောက်လ၊ သုံးလ၊ တစ်လကြိုတင်ပြီး စီစဉ်ထားတာ ဖြစ်ပါတယ်။ မန္တလေးဆိုတဲ့ နယ်မြေနဲ့ အမျိုးသားရေးဆိုတဲ့ ခေါင်းစဉ်ဟာ အံကျဖြစ်သွားခဲ့ပါတယ်။ ဒီကြားထဲ သမ္မတစပွန်ဆာ ပေးထားတဲ့ အမျိုးစောင့် ဥပဒေကြမ်းတွေကပါ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ထွက်ရှိလာခဲ့တော့ အမျိုးသားရေးဒီဘိတ်ဟာ အချိန်ကိုက် ဆွေးနွေးရမယ့် ခေါင်းစဉ် လည်း ဖြစ်သွားပါတော့တယ်။

ခေါင်းစဉ်ကို မူလက ``အမျိုးသားရေးကို တလွဲသုံးနေကြသလား``ဖြစ်ပေမယ့် သိမ်မွေ့တဲ့ ခေါင်းစဉ်မို့ နည်းနည်း ထပ်လျှော့ပြီး ``အမျိုးသားရေးနဲ့ မျက်မှောက်မြန်မာ့နိုင်ငံရေး`` ဆိုပြီး ပြောင်းလဲ သုံးစွဲခဲ့ပါတယ်။
မန္တလေးဟာ မြန်မာ့ယဉ်ကျေးမှုမြို့တော်၊ မြန်မာတို့ရဲ့ နောက်ဆုံးဘုရင် နန်းကျသွားတဲ့ နေရာ၊ ထီးနဲ့နန်းနဲ့ ဘာသာ၊ သာသနာ ရောင်ဝါလင်းပြီး အမျိုးသားရေး နိုးကြားခဲ့တဲ့ ဘူမိနက်သန် ဖြစ်ပါတယ်။ ၂၁ ရာစု မြန်မာသစ်ကတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးနဲ့ နိုင်ငံသားတိုင်း တန်းတူညီမျှရေးဆိုတဲ့ အခြေခံတွေပေါ်မှာ သွားရတာမျိုး ဖြစ်ပါတယ်။

အမျိုးသားရေး (Nationalism) ဒီဘိတ်ကို ခေတ်သစ်အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ မန္တလေးအခြေစိုက် တာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့ပေမယ့် ပါဝင် ဆွေးနွေးခါနီးမှ ဒီဘိတ်ကို တိုက်ရိုက် ထုတ်လွှင့်ပြသခြင်း မပြုတာမို့ ပါဝင် ဆွေးနွေးဖို့ရာ အဆင်မပြေတော့ဘူးလို့ ဆိုခဲ့ကြပါတယ်။ ဒါနဲ့ပဲ ဖိတ်ကြားထားပြီးသူတွေနဲ့ အဆင်ပြေဆုံးဖြစ်အောင် ထိန်းညှိ ဆွေးနွေးခဲ့ကြပါတယ်။

ဦးဆောင်ဆွေးနွေးသူတွေအဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က ဦးတင်အေးကြူ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ တိုင်းစည်းရုံးရေးကော်မတီဝင် ဦးကျော်ဆွေ၊ မန္တလေးမြို့ခံ စာရေးဆရာ ညီစေမင်းနဲ့ တရားလွှတ်တော်ရှေ့နေ တော်ဝင်ဦးခင်မောင်သန်းတို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ ပရိသတ်အများကလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြပါတယ်။

ပရိသတ်များတဲ့ ပွဲ၊ ချက်ကျလက်ကျ ဆွေးနွေးကြတဲ့ ပွဲ

မန္တလေးဒီဘိတ်ပရိသတ်ကတော့ ပြီးခဲ့တဲ့ သုံးလေးလအတွင်း ကျင်းပခဲ့တဲ့ ဒီဘိတ်တွေထဲမှာ စံချိန်တင်လောက်အောင် ပရိသတ်များတဲ့ ပွဲပဲဖြစ်ပါတယ်။ မန္တလေးပရိသတ် ဒီလောက်တောင် အားပေးလိမ့်မယ်လို့ တင်ဆက်သူ ကျွန်တော် မထင်ခဲ့ပါဘူး။ ပရိသတ်ကို ကြည့်ရင်း အားရနေတဲ့ ကျွန်တော်ဟာ ပရိသတ်လိုချင်နေသူ ဖြစ်နေပြီလားလို့တောင် ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိပါတယ်။ မန္တလေးပရိသတ်ဟာ အဟောအပြောနဲ့ နိုင်ငံရေးဇလည်း မသေးတာကို အောက်က ဆွေးနွေးမှုတွေကို ဆက်လက်ဖတ်ရှုတော်မူကြပါကုန်။

မန္တလေးပရိသတ်က ဒီဘိတ်ကို မန္တလေးမှာ လာပြီးပြုလုပ်လို့ သဘောကျနေကြပါတယ်။ မကြာမကြာ လာလုပ်ဖို့လည်း ဖိတ်ခေါ်ပါတယ်။ ဒီဘိတ်ရဲ့ ပရိသတ်တွေပါလို့ တချို့က ကျွန်တော့်ကို မိတ်ဆက်ကြပါတယ်။ တင်ဆက်မှုအစ မိနစ်ပိုင်းအတွင်းမှာပဲ DVB ဒီဘိတ်နဲ့ မန္တလေးပရိသတ်ဟာ စီးမိသွားကြပါတယ်။ ဦးဆောင်ဆွေးနွေးသူတွေနဲ့ တင်ဆက်သူ၊ ပရိသတ်နဲ့ ခေါင်းစဉ်အကြောင်းအရာဟာ တသားတည်းလို ဖြစ်သွားပါတော့တယ်။

မြန်မာမှာ အမျိုးသားဆိုတဲ့ စကားလုံးကို ၈၈၈၈ ဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံကြီးအလွန် ကာလမှာ မန္တလေးက ``အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု`` ဆိုပြီး သုံးနှုန်းသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ရန်ကုန်မှာ ``အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်`` ဆိုပြီး သုံးနှုန်းခဲ့တယ်။ အင်အားစု အားလုံးပါတဲ့ သဘော၊ ပြည်ထောင်စုတစ်ခုလုံးကို ခြုံငုံမိတဲ့ သဘောလို့ ဦးတင်အေးကြူက ရှင်းပြပြီး ဒီဘိတ်ကို ဖွင့်လိုက်ပါတယ်။ လူထုက အမျိုးသားဆိုတဲ့ စကားလုံးကို နှစ်ခြိုက်တဲ့အခါ စစ်တပ်ကလည်း အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်ပါဝင်တယ်ဆိုပြီး လုပ်လာတာမျိုးတွေ ရှိပါတယ်။  တကယ်တော့ လူမျိုးမရွေး၊ ဘာသာစုံပါတဲ့ လူထုကောင်းစားရေး လုပ်တာမျိုးကမှ အမျိုးသားရေးအစစ်ဖြစ်တယ်လို့ သူက ပြောပါတယ်။

အမျိုးသားဆိုတဲ့ စကားလုံးဟာ အင်္ဂလိပ်ဘာသာစကားက National ဆိုတဲ့ စကားလုံးကို ဘာသာပြန်လိုက်တာ ဖြစ်တယ်။ မတိကျဘူး၊ မပြည့်စုံဘူး။ တိုင်းချစ်ပြည်ချစ်စိတ်လို့ ပြောချင်တယ်လို့ ဦးကျော်ဆွေက စကားလုံး အဓိပ္ပာယ်ကို သူ့အကြိုက် ဖွင့်ဆိုပြန်ပါတယ်။ မြန်မာပြည်မှာ တိုင်းရင်းသားက ၁၃၅ မျိုးတောင်ရှိလို့ ရှမ်း၊ ချင်း၊ ကချင်၊ ရှမ်း၊ ရခိုင် အားလုံးက သူ့အမျိုး သူချစ်မှာပဲ ဖြစ်တယ်၊ ခံစားချက်တွေ ရှိနေနိုင်တယ်လို့ ထောက်ပြပါတယ်။ အမျိုးသားဆိုတဲ့ နေရာမှာတော့ မြန်မာအပါအ၀င် တိုင်းရင်းသား အားလုံးပါတယ်လို့ ဦးကျော်ဆွေက ပြောပါတယ်။

အမျိုးသားရေးဆိုတာနဲ့ မြန်မာပြည်တွင်းမှာ မှီတင်းနေထိုင်သူ အားလုံးနဲ့ဆိုင်တယ်လို့ စာရေးဆရာ ညီစေမင်းကလည်း ပြောပါတယ်။ အမျိုးသားရေး ရှေ့တန်းတင်ပြီး ကိုယ်ကျိုးစီးပွား ကာကွယ်နေတာတွေလည်း ရှိနေတယ်လို့ သူက သတိပေးပါတယ်။ ပထမကမ္ဘာစစ်ဝင်တဲ့ နယ်ချဲ့တွေက မတရားတဲ့စစ်ကို တရားတဲ့စစ်ဖြစ်အောင် အမျိုးသားရေးဆိုတဲ့ စကားလုံးကို သုံးခဲ့ကြတယ်လို့ ဥပမာပေးပြီး ဆရာက ပြောပြပါတယ်။

မြန်မာနိုင်ငံဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖြစ်တယ်၊ တိုင်းရင်းသားအားလုံးနဲ့ဆိုင်တာဟာ အမျိုးသားရေးပဲ ဖြစ်တယ်။ စစ်တပ်က အာဏာကို ချုပ်ကိုင်ထားတာဟာ အမျိုးသားနိုင်ငံရေး မဟုတ်ပါဘူးလို့ တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်းက ပြောပါတယ်။ အဲဒီလို အမျိုးသားရေးမျိုး လုပ်နေတယ်ဆိုရင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မှေးမှိန်သွားလိမ့်မယ်လို့ ဆရာက သတိပေးပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်

အမျိုးသားရေးဒီဘိတ်ကို တင်ဆက်တဲ့နေရာမှာ အများဆုံး ပြောကြတဲ့ ကိစ္စကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေးပဲ ဖြစ်ခဲ့ပါတယ်။ မျက်မှောက်မြန်မာ့နိုင်ငံရေးရဲ့ အရေးအကြီးဆုံး အကြောင်းအရာ ဖြစ်ပါတယ်လို့ ဦးဆောင်ဆွေးနွေးသူတွေရော ပရိသတ်ကပါ ပြောကြပါတယ်။ မြန်မြန်ပြင်ချင်တာနဲ့ သတိထားပြင်ချင်တာနဲ့တော့ ကွာတာရှိပါတယ်။

၂၀၀၈ အခြေခံဥပဒေဟာ စစ်အာဏာစနစ်ကို ဆက်လက်ထိန်းသိမ်းထားတာပဲလို့ ဆရာညီစေမင်းက ပြောပါတယ်။ ဒါ့ကြောင့် ၂၀၀၈ အခြေခံဥပဒေကို ပြင်ရပါလိမ့်မယ်လို့ ဦးတင်အေးကြူက ပြောပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေပြင်တာ အရေးကြီးသလို ငြိမ်းချမ်းရေး (၀ါ) စစ်ပဋိပက္ခ ချုပ်ငြိမ်းရေးဟာလည်း အရေးကြီးတယ်လို့ ဦးကျော်ဆွေက ပြောပါတယ်။ ဦးကျော်ဆွေက သူဟာ နိုင်ငံရေးလုပ်လာတာ ကြာခဲ့ပြီ၊ ထိပ်တိုက်တိုးတာ မအောင်မြင်ခဲ့ဘူး၊ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီ မပြည့်ဝဘူး၊ ဒါ့ကြောင့် ပြင်ရုံမှအပ အခြားမရှိဘူးလို့ ဦးခင်မောင်သန်းက ပြတ်ပြတ်သားသား ပြောပါတယ်။

အရင်တခေတ်က အနောက်နိုင်ငံတွေအကြိုက် ကွန်မြူနစ်ဆန့်ကျင်ရေးဆိုပြီး သုံးခဲ့တယ်၊ ဒီဘက်တခေတ်မှာတော့ အမျိုးသားရေးဆိုပြီး လုပ်လာပြန်တယ်။ တကယ်တော့ အမျိုးသားရေးကို ကိုယ်ကျိုးအတွက် သုံးနေတာ၊ စကားလုံး ဖုန်ခါသုံးနေတာပါလို့ သုံးသပ်သူကတော့ စာရေးဆရာ ညီစေမင်းဖြစ်ပါတယ်။ ဒီဘိတ်ဟာ အချေအတင် ငြင်းခုံ ဆွေးနွေးပြီး အဖြေရှာတာမျိုး ဖြစ်ပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်လည်း ပြုထားပါတယ်။ ဒါပေမဲ့ ငြင်းခုံနေမယ့်အစား အမျိုးသားဝါဒစစ်အောင်သာ ပူးပေါင်းဆောင်ရွက်ဖို့ ကောင်းတယ်လို့ ဦးကျော်ဆွေက သူ့အမြင်ကို တင်လာပါတယ်။ ဒါပေမဲ့ ငြင်းခုံရင်း အဖြေရှာနိုင်တယ် ဆိုတာကိုလည်း ဦးကျော်ဆွေက လက်ခံခဲ့ပါတယ်။

ပရိသတ်တွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတာမို့ တိုင်းပြည် တိုးတက်ရေး အပါအ၀င် ဘာမှ မလုပ်နိုင်ဘူးလို့ တစ်ယောက်တစ်မျိုး ထောက်ပြကြပါတယ်။ စစ်တပ်မှာ ခွာစစ်ဆိုတဲ့ သဘောတရားရှိတယ်၊ အဲဒီသဘောတရားအတိုင်း စစ်အာဏာရှင်တွေဟာ ၂၀၀၈ အခြေခံဥပဒေကို ခွာစစ်အနေနဲ့ ကစားတာ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လုံခြုံအောင် လုပ်ခဲ့တာပဲ ဖြစ်တယ်။ သူတို့ မလုံမခြုံမချင်း အသုံးချဖို့အတွက်လည်း ပြဿနာတွေကို တစ်ခုပြီးတစ်ခု ချပေးနေမှာ ဖြစ်တယ်၊ အဲဒါကို သဘောပေါက်ရမယ်၊ သဘောမပေါက်ရင် ပန်းတိုင်ကို မြန်မြန်ရောက်မှာ မဟုတ်ဘူးလို့ ဆည်းဆာညီညီက သပ်သပ်ရပ်ရပ် သုံးသပ်ပြပါတယ်။

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို လမ်းကြောင်းလွှဲဖို့ အမျိုးသားရေးနဲ့ အာရုံပြောင်းလိုက်တယ်၊ ဘယ်လိုပဲ အာရုံပြောင်းပြောင်း ၂၀၀၈ အခြေခံဥပဒေကိုတော့ ပြင်ကိုပြင်မှရမယ်လို့ ဦးစောလှအောင်ကလည်း ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်နိုင်ပါမှ တပြည်လုံး ရွတ်ဆိုနေကြတဲ့ နိုင်ငံတော်သီချင်းထဲက ``ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည် တို့ပြည်တို့မြေ`` ဟာ အမှန်တကယ် ဖြစ်လာလိမ့်မယ်လို့ ကိုရဲမင်းထွန်းက ပြောပါတယ်။ အုပ်ချုပ်သူတွေဟာ ၂၀၀၈ အခြေခံဥပဒေကို ကိုင်ပြီး ထိုင်ခုံပေါ်ရှိနေကြတာ အစွန်းရောက်နေကြပြီလို့ ဒီဘိတ်တစ်ပွဲလုံးကို ခြုံပြီး သုံးသပ်တဲ့ ကာတွန်းစိုးသော်တာကလည်း ဒီဘိတ်မှာ ပြောခဲ့ပါတယ်။

အမျိုးသားရေးကို အာဏာအတွက် သုံး၊ ပြည်သူက ဘယ်လိုတုံ့ပြန်မလဲ

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးက အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးဆိုပြီး ခွဲခြားခဲ့ဖူးပါတယ်။ လူမျိုးရေးကို အခြေခံတဲ့ အမျိုးသားရေးဝါဒကနေ နိုင်ငံသားကို ကိုယ်စားပြုတဲ့ အမျိုးသားဝါဒဖြစ်အောင် လုပ်ရမယ်လို့ ဦးတင်အေးကြူက နိဂုံးသတ်ပါတယ်။ မဏ္ဍိုင်သုံးရပ်ကို ထိန်းချုပ်ထားသူတွေက အမျိုးသားရေးစိတ်ဓာတ်အမှန်ကို လက်ခံနားလည်ပြီး ကျင့်သုံးနိုင်အောင် ပြည်သူက ကြိုးစားရမယ်လို့ ဦးကျော်ဆွေက သုံးသပ်ပါတယ်။

လူငယ်ပရိသတ်တစ်ဦးကတော့ အတိတ်က ရှုပ်ခဲ့တဲ့ အမှိုက်ပုံကို သူတို့လူငယ်တွေက မရှင်းချင်ပါဘူးလို့ ပြောပါတယ်။ သူတို့ အနာဂတ်ဆီ သွားချင်ပြီလို့ သူက ဆက်ပြောပါတယ်။ ပြည်သူလူထုဟာ ရွေးချယ်မှု မှန်ကန်ဖို့ လိုတယ်၊ တိုင်းပြည်တိုးတက်ဖို့ လူမှန်နေရာမှန် ရောက်ဖို့ဟာ အရေးကြီးတယ်လို့ ဒေါက်တာဝင်းမြင့်က ပြောပါတယ်။ ပြည်သူတွေဟာ အမျိုးသားရေးကို အသုံးချနေတာကို သိနေပြီဆိုရင်လည်း ကိုယ်ကိုယ်တိုင် မှန်ကန်တဲ့ ဘာဆောင်ရွက်ချက်တွေ လုပ်ခဲ့သလဲ၊ ဒါမှမဟုတ် ဘာလုပ်မှာလဲဆိုတာကို မိမိတို့ဘာသာ ဆန်းစစ်ကြပါ။ အတိုက်အခံ လုပ်တာထက် ပူးပေါင်း အဖြေရှာကြပါ၊ စိတ်ကျင့်ပါနေတာတွေကို ဖျောက်ကြပါ၊ စစ်မှန်တဲ့ အမျိုးသားရေးဝါဒကို ရောက်ဖို့ဆိုတာ ပြည်သူတစ်ဦးချင်းနဲ့လည်း သက်ဆိုင်တဲ့ ကိစ္စပါလို့ ဦးကျော်ဆွေက တိုက်တွန်းခဲ့ပါတယ်။

အမျိုးသားရေးဆိုတဲ့ စကားလုံးကို မသုံးနဲ့တော့၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံပါတဲ့ ပြည်သူ့အရေးသာ လုပ်ဆောင်ပါ၊ အဲဒီလို လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မယ်လို့ စာရေးဆရာ ညီစေမင်းက တိုတိုတုတ်တုတ် ရှင်းရှင်းပြတ်ပြတ် ပြောပါတယ်။ ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပ်က ဦးဆောင်မှု အခန်းကဏ္ဍ ယူထားတယ်၊ အဲဒီလို ယူထားသရွေ့တော့ ဒုက္ခပေးနေမှာပဲ။ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်ထားတဲ့ အာဏာရှင်တွေကို ဖယ်ရမယ်။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားသွေးစည်ညီညွတ်ရေး အလံတော်တွေကို ဆုပ်ကိုင်ပြီး ရှေ့ခရီး ဆက်ရမယ်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအထိ အနှောင့်အယှက်တွေ အများကြီး ရှိဦးမယ်၊ ၈၈၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှု လူထုအရေးတော်ပုံကြီးက ပေးတဲ့ အသိစိတ်ဓာတ်နဲ့ ရှေ့က ပြောခဲ့တဲ့ အလံတော်တွေအောက်က ခိုင်ခိုင်မာမာ ရှေ့ဆက်ရမယ်လို့ ဦးခင်မောင်သန်းက ပြောပါတယ်။

 Myo Tha Htet
ရန်ကုန်
ဒီဇင်ဘာ ၇၊ ၂၀၁၄။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...