Sunday, November 23, 2014

မြူ


ဖြစ်နိုင်လျှင် လည်ချောင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားအောင် အသံကုန် အော်ဟစ်ပစ်လိုက်ချင်သည်။ နားထင်စပ်ဆီမှ တဒိတ်ဒိတ်နှင့် သွေးခုန်နှုန်းက သိသိသာသာ တိုးလျက်။ ကိုယ့် နှလုံးခုန်သံကိုလည်း ကိုယ်တိုင် ပြန်ကြားနေရသေးသည်။ တင်းကြပ်မှုဆိုသည်မှာ ကိုယ်နှင့်အတိ တိုင်းချုပ်ထားသော ရှပ်အင်္ကျီတစ်ထည်ကို ကိုယ်အလေးချိန်တိုးနေချိန်မှာ ဝတ်ဆင်ရခြင်းနှင့် ဆင်ဆင်တူသည်လား။
သည်ဥပမာက အနည်းငယ် ရယ်စရာကောင်းသည်။ သို့သော် ကြုံဖူးသူများကတော့ တင်းတင်းကြပ်ကြပ်နှင့် အတော် အဆင်မပြေလှသော ခံစားမှုမျိုးကို သိနိုင်လိမ့်မည်။ ခံရခက်သည် ဆိုသောစကားမှာ နားရွက်ထဲ ပုရွက်ဆိတ်နှစ်ကောင် ၀င်အကိုက်ခံရသည်ထက် ဆိုးပါသလား။ စကားသွား စကားလာများသည် ရက်လွန်သွားသော မှိုတက် ပေါင်မုန့်များ၏ အနံ့လို ချဉ်စုတ်စုတ်နှင့်။ မီးရောင်အောက်တွင် ဖျတ်ကနဲ လက်သွားသော ဓါးကို လက်ဖြင့် အသာ ဆကြည့်နေမိသည်။ ဓါး ဟု ဆိုလိုက်တိုင်း မည်သည့်ဓါးမဆို အသွားထက်ကြသည် မဟုတ်သော်လည်း ဓါး ဟူသော စကားလုံးနှင့် အသွင်အပြင်ကပင် အဟန့်အတား တစ်စုံတရာ ဖြစ်စေခဲ့သည်ချည်းသာ။ သိပ်မတုံးလွန်း၊ သိပ်မထက်လွန်းသော ထိုဓါးဖြင့် မျက်စိအောက်တွင် ရှိနေသော အသင့်စား ပေါင်မုန့်ချပ်များကို ထိုးဆွကာ သေးငယ်သော အပိုင်းအစများ ဖြစ်အောင် ခုတ်ထစ် လှီးဖြတ်လိုက်ချင်သည်။ ထိုအခါ အတန်ငယ် နေသာထိုင်သာ ရှိသွားမည်လား။

ငြိမ်သက်ခြင်း ကင်းမဲ့နေသော စိတ်အတွေးတို့နှင့်အတူ ခေါင်းကို အသာငဲ့ကာ သမင်လည်ပြန် လှည့်ကြည့်လိုက်သည်။ ပြာလဲ့လဲ့ မီးရောင်အောက်၊ နှင်းဆီပွင့်များ ကြဲပက်ထားသောအဆင် အိပ်ရာခင်း ခင်းထားသော အိပ်ရာထက်တွင် သူ့ကို ကျောခိုင်းကာ လှဲလျောင်းနေသော၊ အမျိုးသမီးတစ်ယောက်။ သူမ အသံတိတ် ရှိုက်ငိုနေသည်လား၊ အိပ်ပျော်နေသည်လား သူ မသိနိုင်၊ သိလည်း မသိချင်။ သူမထံမှ အကြည့်တို့ကို လွှဲဖယ်ကာ နာကျင်လက်စ စိတ်တို့ဖြင့် လက်ထဲမှဓါးကို ပေါင်မုန့်ချပ်များအတွင်းသို့ ထိုးသွင်းလိုက်သည်။ ပျော့ပျောင်းသော ပေါင်မုန့်ချပ်များထဲသို့ ဓါးက တဖြည်းဖြည်းချင်း နစ်ကျွံဝင်သွားခဲ့သည်။ ထိုအမျိုးသမီး၏ ကိုယ်ခန္ဒာနှင့် အသားအရေတို့သည် ပေါင်မုန့်ချပ်များလိုပင် ဖွေးဖြူကာ နူးညံ့ပျော့ပြောင်းသည်ကို သူ သေသေချာချာ သိခဲ့သည်။ ထို့နောက် ပေါင်မုန့်ချပ်များထဲမှ ဓါးကို နှုတ်ယူလိုက်သည်။ သွေးစသွေးန တစ်စုံတစ်ရာစွန်းထင်း ပေကျံလာတော့မည့်အလား ဓါးကို သတိကြီးစွာထားရင်း မ၀ံ့မရဲ ကြည့်မိသည်။ မည်သည့်အစွန်းအထင်းကို မတွေ့ရသောအခါတွင်မှ ဓါးကို တင်းတင်းဆုတ်ကိုင်ကာ ပေါင်မုန့်များထဲသို့ ဆင့်ကာ ဆင့်ကာ ဒေါသတကြီး ထိုးသွင်းပစ်လိုက်သည်။

အချိန်မည်မျှ ကြာသွားသည်ကို မသိ၊ ဓါးချက်ပေါင်း မည်မျှ ရှိသွားသည် မသိ၊ ပါကေးကြမ်းပြင်ပေါ်တွင် ပေါင်မုန့်များ တစ်စစီပျံ့ကျဲကုန်သည်ကို တွေ့မှ လက်ထဲမှာ တင်းတင်းဆုတ်ကိုင်ထားသော ဓါးကို ထိတ်လန့်တကြားပစ်ချမိသည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင်ပင် ပက်လက်လှန် အိပ်ချလိုက်သောအခါ မျက်နှာကြက်တွင် အရှိန်နှေးနှေးဖြင့် လည်နေသော ပန်ကာတစ်လုံးကို တွေ့လိုက်ရသည်။ ထိုပန်ကာကို ကြည့်ရင်းကြည့်ရင်းမှာ မူးလာသည်။ ချာချာလည်အောင် မူးလာကာ နောက်ဆုံးတွင် သူ အိပ်ပျော်သွားခဲ့သည်။

*******

မြူ နှင့် သူ ချစ်ကျွမ်းဝင်ခဲ့ချိန် တစ်လျောက်လုံးတွင်သူ သိသမျှမှာ မြူ့ပါးပြင်ပေါ်မှ မှည့်နက်ကလေး၊ တန်ဖိုးကြီး ရေမွှေးနံ့ တစ်မျိုး အစဉ်သင်းမွှေးနေတတ်သော သွယ်ပျောင်းလှပသည့် လည်တိုင်ကလေးနှင့် တံတောင်ဆစ်ဖုံး အင်္ကျီလက်စကအောက်မှ ဖြူဖွေးနုနယ်သော လက်ကလေးမျှသာ ဖြစ်၏။ ထို့ထက်ပိုပြီး သိကျွမ်းရင်းနှီးရန်လည်း သူမလိုလား၊ မြူ ကိုယ်တိုင်ကလည်း ခွင့်မပြုချေ။ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်သော ချစ်သူမိန်းကလေးမို့ အကြင်နာ တိုးရသည်ချည်းသာ။

ယောက်ျားလေးများ ၀ိုင်းဖွဲ့လေ့ရှိသော ရောက်တတ်ရာရာ စကားဝိုင်းများတွင် အစဉ် နှုတ်ဆိတ်နေရတတ်သော သူ့ကို ရင်းနှီးသူတစ်ချို့က အားမလို အားမရ ပြောတတ်ကြသည်။ သူတို့ စကားဝိုင်းထဲတွင် အတွေ့အကြုံ ဟူသော စကားလုံးကိုသူ မကြာခဏ ကြားရလေ့ရှိသည်။ မြူ သူ့အပေါ် တင်းမာလှချည့်၊ တွန့်တိုလှချည့် ဟု သူတို့က ပြောတတ်ကြသည်။ ထိုသို့ ပြောလာတိုင်း သိက္ခာနှင့် တန်ဖိုး ဟူသော စကားလုံးများကိုသူ သတိရစမြဲ။ တစ်ချိန်မှာတော့ မြူ့ကို သူ ပိုင်ဆိုင်ရမှာပဲ မဟုတ်လား။ ထိုအချိန်ကို ရောက်ဖို့ သူ စောင့်ဆိုင်းနိုင်ရမည်ပေါ့။

အတူတွဲသွားတိုင်း လက်ကလေးပင် ကိုင်ခွင့်မပေးလိုသော ချစ်သူကို အခါများစွာမှာ ကျေနပ်မိသော်လည်း တစ်ခါတစ်ရံတွင်မူ စိတ်ထဲ မကြည်မသာဖြစ်မိသည်။ အလိုမကျ ဖြစ်မိတတ်သည်။ သို့သော်လည်း တစ်စုံတရာ တောင်းဆိုလိုက်တိုင်း မျက်မှောင်ကလေး ကြုတ်ကာ ဟန့်တားသယောင် ပြန်ကြည့်တတ်သော မြူ့ ချစ်စဖွယ် မျက်ဝန်းများကိုသူ မလွန်ဆန်နိုင်ခဲ့တာက များပါသည်။

*******

အချို့ စကားလုံးများသည် ဓါးသွားကဲ့သို့ ထက်ရှစေတတ်သည်ကို သူ အစက မသိ။ အချို့ စကားလုံးများသည် တစ်ခွန်းထဲနှင့် လူကို အလဲထိုးတတ်သည်ကိုသူ အစက မသိ။ အချို့ စကားလုံးများသည် တစ်သက်စာ၊ တစ်ဘ၀စာ နာကျင်၊ နာကျည်းဖွယ်ရာ ဖြစ်တတ်သည်ကိုသူ အစက မသိ။

ပြောရလျှင် သူ့ဘဝတွင် မြူ့ကိုသာသိသည်။ တန်ဖိုးထားသည် လေးစား ယုံကြည်သည်။ သို့သော် ထိုနေ့က သူ လုံးဝ မျှော်လင့်မထားသော၊ ပြီးတော့ သူ့ဘဝကို ရှင်ရက်နှင့် ရုတ်ချည်း လဲကျ သေဆုံးသွားစေနိုင်သော စကားတစ်ခွန်း ကြားလိုက်ရသည်။ သူ ငြင်းဆန်သည်။ အပြင်းအထန် ငြင်းဆန်သည်။ ခါးခါးသီးသီး ငြင်းဆန်သည်။ ငြင်းဆန်ရင်း အားအင် ကုန်ခမ်းလာချိန်တွင် လူမှန်းသူမှန်း မသိအောင် မူးပစ်လိုက်သည်။ ထို့နောက် မူးနေသည့်ကြားမှ သူ ပြောသည်။

“ဟေ့ကောင်တွေ… မပြောကြနဲ့… အဲဒါ မဖြစ်နိုင်ဘူး… ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး…”

“မင်းတို့ မှားနေပြီ… မြူ့ကို ငါ အသိဆုံး…”

ထိုစကား လေး ငါးခွန်းကို သူ အထပ်ထပ်ရေရွတ်သည်။ ကြိမ်ဖန်များစွာ ရေရွတ်သည်။ သူ့အနားတွင် မည်သူ တစ်ဦးတစ်ယောက်မှ မရှိတော့သည်အထိ မရပ်တန့်နိုင်ပဲ သွေးရုးသွေးတန်း ရေရွတ်လျက်။ နောက်ဆုံး သူ့အသံများ အက်ကွဲ ပျောက်ရှသွားသည်အထိ ရေရွတ်လျက်။

မည်သို့ပင် ငြင်းဆန်ခဲ့စေကာမူ ထိုနေ့မှစကာ သူ့စိတ်ထဲ အစိုင်အခဲတစ်ခု တင်းကြပ်စွာ ကျန်ရှိနေခဲ့သည်။ ထိုအစိုင်အခဲကြောင့် မြူ့ကိုသူ အရင်ကထက် ပိုသာစွာ ဂရုစိုက် လေ့လာ အကဲခတ်ကြည့်မိသည်။ သို့သော် ချစ်ရသော မြူသည် သံသယစွန်းစရာ အရိပ်အယောင် လုံးဝ မရှိ၊ ပကတိ စင်ကြယ်လှသည်။ မြူနှင့် တွေ့ဆုံချိန်များမှာလည်း အရင်ကလိုပင် ဘာမှ အပြောင်းအလဲ မရှိ၊ သူ ချိန်းဆိုလိုက်တိုင်း ပြုံးရယ်ရွှင်မြကာ မြူ ရောက်လာတတ်သည်။ ချစ်စဖွယ်စကား တီတာ ဆိုတတ်သည်။ ချွဲနွဲ့မြဲ ချွဲနွဲ့တတ်သည်။ သူက တစ်ခါတစ်ရံ ချိန်းနေမကျသောနေ့ရက်များ၊ အချိန်များကို ပြောင်းလဲ ချိန်းဆိုကြည့်သည်။ သို့သော် မြူက အေးအေးဆေးဆေး၊ စိုးစဉ်းမျှ သံသယရိပ်မထင် စရာ၊ ကဲရန်ကော ဟူသော အပြုံးမြမြဖြင့် သူ့ဆီ ရောက်အောင်လာစမြဲ။ ထိုအခါ မြူ့ကို ဆထက်တပိုး အချစ်တိုးရစမြဲ။ သူနှင့် မြူ အကြားမှာ ဘာမှ အမှားအယွင်းမရှိ၊အစစ အရာရာသည် ပုံမှန်သာဖြစ်သည်။

သို့သော် သူ့အား ချာချာလည် မူးဝေစေခဲ့သော တစ်ညက စကားတစ်ခွန်းကို သတိရလိုက်တိုင်း သူ့စိတ်များ ယောက်ယက်ခတ်ရသည်။ ပူလောင်သောကဖြင့် ကျွမ်းမြေ့ရသည်။ ထိုသူငယ်ချင်းများနှင့် မတွေ့အောင် သူ တမင် ရှောင်နေခဲ့သည်။ သူငယ်ချင်းများက စည်းကမ်းတင်းကြပ်ကာ ချုပ်ထိန်းနိုင်လွန်းသော မြူ့အပေါ် အမြင်မကြည်လင်မှန်း သူ သိနေခဲ့သည်။ သူငယ်ချင်းများက တစ်စုံတရာ ရှေ့တိုးရန်၊ သူတို့ ကြားခဲ့ရသောစကား မှန် မမှန် စစ်ဆေးရန် အကြိမ်ကြိမ် တိုက်တွန်း မြှောက်ပင့်ပေးကြသည်ကို သူ အနည်းငယ်မျှ နားမယောင်ခဲ့။ မြူ့ကိုသူ တန်ဖိုးထားလှသည်။ သူ မြူ့ကို ယုံကြည်လှသည်။

တစ်ခါကတော့ မြူနှင့် တွေ့ဆုံချိန်မှာ မြူ့ပါးပြင်ပေါ်မှ မှည့်နက်ကလေးကို အသာ တို့ထိကြည့်ရင်း မြူ့မှာ ဒီလို ချစ်စရာ မှည့်အနက်ကလေးတွေ ဘယ်နှစ်ခု ရှိသလဲဟင်… ဟု မရဲတရဲ စကားစ ရှာကြည့်ဖူးသည်။ မြူက ချစ်စဖွယ် ပြုံးရယ်နေခဲ့ပြီး သူ့အမေးကို မဖြေပါ။ ထိုအချိန်မျိုးတွင် လူမှန်းမသိအောင် မူးဝေခဲ့သည့် ညက စကားတစ်ခွန်းက နားထဲတွင် ကြိမ်ဖန်များစွာ ပဲ့တင်ရိုက်ခတ်သည်။ သို့သော်လည်း သံသယစွန်းထင်စရာ မရှိအောင်မြူက အေးချမ်းလှသည်။

သူငယ်ချင်းများနှင့် မလွှဲမရှောင်သာ တွေ့ဆုံရသောအခါတိုင်း အဖြူအမည်း သဲကွဲပြီလားဟု သူတို့က မေးတတ်ကြသည်။ ထိုမေးခွန်းကို သူ အကြောင်းအမျိုးမျိုးပြကာ တိမ်းရှောင်တတ်ခဲ့သည်။ မြူနှင့် လက်မထပ်ခင် အဖြေတစ်ခုကို ပြတ်ပြတ်သားသား သိရအောင် ကြံဆောင်သင့်သည်ဟုလည်း တိုက်တွန်းကြသည်။ သူ ခေါင်းကိုသာ တွင်တွင်ခါမိသည်။ ထိုကိစ္စနှင့် ပတ်သက်၍ သူ့တွင် သက်သေပြရန် ဘာတစ်ခုမှ မရှိ၊ သို့သော် သူနှင့်မြူ့ သိက္ခာသာ ရှိသည်။ တစ်ချိန်လုံး ထိန်းသိမ်းထားခဲ့သော သူတို့နှစ်ယောက်၏ သိက္ခာကို ဘာအကြောင်းကြောင့်မျှ မယိုယွင်းစေလိုပါ။ မြူ့ကို သူ ယုံကြည်သည်။

*******

မင်္ဂလာဦးညသည် ရင်ခုန်လှိုက်မောဖွယ်။
ပွင့်အာစပြုနေသော ပန်းနုရောင် နှင်းဆီများမှ မွှေးရနံ့သည် အိပ်ခန်းတစ်ခန်းလုံး နေရာယူ ပျံ့နှံ့စီးမျောလျက်။ ငြိမ့်ညောင်း သာယာသော တယောသံက အခန်းထောင့်များရှိ ဆောင်းဘောက်စ်ထဲမှ တိုးတိုးညင်သာ။ မှိန်ဖျော့သော မီးရောင်အောက်မှ စွဲမက်ဖွယ် တွယ်ငြိဖွယ်ရာ သတို့သမီးကလေး၏ အပြုံးလဲ့လဲ့။ ပန်းရောင်သမ်းကာ ပျော့ပြောင်းနုနယ်လှသော ဇာပုဝါ ရှည်လျားလျားက ပါကေးကြမ်းပြင်ပေါ်မှာ ဝေ့၀ဲလျက်။ နက်မှောင်သော ဆံနွယ်ခွေများတွင် တွယ်ချိတ်ထားသော ဆံညှပ်များနှင့်အတူ သဇင်ခက်များကို ဖယ်ရှား ဖြေလျော့နေပုံမှာ ပီဘိကဗျာတစ်ပုဒ်။

မြူ့ကို မှန်တင်ခုံ မှန်သားပြင်မှတဆင့် လှမ်းကြည့်ရင်း သူ့ရင်တွေ အဆမတန် လှုပ်ရှားလာခဲ့ရသည်။ သည်မိန်းကလေးနှင့် စတင်ရင်းနှီးခဲ့ရသော အချိန်များမှ အစပြုကာ သူတို့နှစ်ယောက် ချစ်ကျွမ်းဝင်ခဲ့ရသော အချိန်များကို သတိတရ ပြန်လည်တွေးမိသောအခါ ပျော်ရွှင် ကြည်နူးစွာ ပြုံးရယ်ရသည်။ တိကျ ပိရိသော နှုတ်ခမ်းပါးက ချိုသာသော အပြုံး၊ ကြည်လင်သော မျက်ဝန်းနက်နက်များနှင့် ပါးပြင်ပေါ်မှ မှည့်နက်ကလေးက မြူ ဟူသော မိန်းကလေး၏ အထင်ရှားဆုံး အမှတ်အသားများ။ ဘယ်သူတွေ ဘာပဲ ပြောပြော၊ ဘယ်လိုပင် တားဆီးနှောက်ယှက်ကြပစေ သည်မိန်းကလေးကို သူ တကယ် ပိုင်ဆိုင်ခွင့်ရခဲ့ပြီကော။

သူ့ကြည်နူးရိပ်များက မျက်နှာပေါ်တွင် ထင်ဟပ်လာသည်လား၊ သူ့အတွေးစများက မြူ့ကို လှမ်း၍ ညှို့ယူဆွဲငင်လိုက်သည်လား မပြောတတ်။ မြူက သူ့ကို ကျောခိုင်း ထိုင်နေရာမှ လှည့်ကြည့်ကာ ချစ်စဖွယ် ပြုံးပြသည်။ မြူ့အပြုံးကို စိုက်ငေးကြည့်နေရင်း  မြူ့ပါးပြင်ပေါ်မှ မှည့်နက်ကလေးကို မြင်လိုက်ချိန်တွင် သူငယ်ချင်းများ၏ စကားသံတစ်ချို့ နားထဲသို့ ရုတ်တရက် ၀င်လာတာဖြစ်သည်။ သို့သော် သူ့ ခေါင်းကို ခပ်ကြမ်းကြမ်း ခါယမ်းရင်း မလိုအပ်သော အတွေးစများကို ဖယ်ထုတ်လိုက်သည်။ ဒါတွေ သတိရစရာ အချိန်မှ မဟုတ်တာပဲ။

သည်အခိုက်အတန့်ကလေးတွင် သူ နှင့်မြူ နှစ်ယောက်တည်းသာ ရှိနေချင်သည်။ အခြားမလိုလားအပ်သော အရာ၊ မလိုလားအပ်သော စိတ်အတွေးများ ဘာဆို ဘာမှ မရှိစေရ။ ထို့နောက်မှာတော့ ပန်းစိုက်အိုးများထဲမှ နှင်းဆီနံ့ သင်းသင်းကိုလည်း သူ့နှာခေါင်းက မရတော့၊ ဆောင်းဘောက်စ်များမှ လာနေသော တယောသံ တိုးတိုးကိုလည်း သူ့နားထဲမှာမကြားတော့၊ အခန်းတွင်းမှာ မီးရောင် မှိန်ဖျော့သည်လော မမှိန်ဖျော့သည်လော လည်း သူ မသိတော့… သူ ဘာဆို ဘာမှ မသိချင်တော့သလို တကယ်လည်း ဘာမှ မသိတော့ချေ။ သူ သိသည်က မြူ… အလွန်နှစ်သက်စုံမက်စွာ မြတ်နိုး ချစ်ခင်ရသော မြူ တစ်ဦးတည်းသာ။ ချစ်ရသော မြူ့ အပြုံးလဲ့လဲ့က သူ့ကို ကမ္ဘာအပြင်ဖက်သို့ တိတ်တဆိတ် ခေါ်ဆောင်သွားခဲ့သည်…။

သူနှင့် မြူ နှစ်ဦးတည်းသာ ရှိသော ကမ္ဘာအပြင်ဖက်မှာ ရောင်စုံ ပန်းပွင့်ကလေးများနှင့် ကြွေကျလျက်ရှိသော ပွင့်ချပ်အပိုင်းအစများကို တွေ့ရသည်။ လှပသော လိပ်ပြာကလေးများ၏ အတောင်ပံခတ်သံ တဖျတ်ဖျတ်ကို ကြားရသည်။ သက်တန့်ကွေးကွေးလေးတစ်ခုအဆုံးတွင် ညင်သာစွာ စီးဆင်းနေသော ရေကြည် စမ်းချောင်းကလေးကို မြင်ရသည်။ သူ့ လက်ချောင်းများကနူးညံ့လှပသော ပန်းပွင့်ကလေးများကို ထိကြည့်မိသည်။ ထို့နောက် စမ်းချောင်းကလေး၏ ရေစီးအတိုင်းတရွေ့ရွေ့ ပြီးတော့ ညင်သာစွာ လိုက်ပါ စီးမျောနေရင်းက…

ရုတ်တရက် မြူ့ကို ခပ်ကြမ်းကြမ်း တွန်းထုတ်လိုက်မိသည်။ ထို့နောက် သူ ကိုယ်တိုင်လည်း ဒေါသအရှိန်နှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် ဟန်ချက်ပျက်ကာ ကုတင်အောက်သို့ ၀ရုန်းသုန်းကား ထိုးကျသွားသည်။ အံ့သြ တုန်လှုပ်နေမှုကို မထိန်းနိုင်သော မျက်နှာဖြင့် မြူ က သူ့ကို အကြောင်သား ကြည့်နေဆဲ။ တောက် တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်ရင်း လဲကျနေရာမှ ထရပ်ကာ မြူ့ကို သူ လက်ဖြင့် ရွယ်လိုက်မိသည်။ စိတ်ထဲမှာတော့ ရှိသမျှ အင်အားအကုန်သုံးရင်း လွှဲရိုက်လိုက်မိသည် ထင်၏။ သို့သော် သူ မရိုက်ဖြစ်ပါ။ သူ့စိတ်ကို အချိန်မီ ထိန်းလိုက်နိုင်သည်။ မြူ့ကို သူ ကျောခိုင်းလိုက်သည်။ ထို့နောက် လက်ဝါးနှစ်ဖက်ကို ဖြန့်ကာ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသူတစ်ယောက်လို အတန်ကြာ ငေးစိုက်ကြည့်နေပြီး လက်သီးကို တင်းတင်းဆုတ်ကာ အနီးရှိ ဘီဒိုတံခါးရွက်ကို အားကုန် ထိုးပစ်လိုက်မိသည်။

*******

နားထဲတွင် ရုတ်တရက် ကြားလိုက်ရသော ဆူညံသံများကြောင့် သူ အိပ်ပျော်နေရာမှ လန့်နိုးလာခဲ့သည်။ အသံလာရာကို နားစွင့်ကြည့်သည်။ ကြားနေရသော အသံတို့သည် နီးလာလိုက် ဝေးသွားလိုက်။ အနိမ့်အမြင့် အတိုးအကျယ် အသံလှိုင်းများက မတူညီ။ ထိုစဉ် ရုတ်တရက် သတိဝင်လာခဲ့သည်။ အိပ်မပျော်ခင်မှာ သူ ဘာဖြစ်ခဲ့သည်ကို တရေးရေးပြန်လည် မှတ်မိလာခဲ့သည်။ ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါ သူ ရှာနေသူ ကို မတွေ့ရ။ အခန်းထဲမှာသူ တစ်ယောက်တည်းသာ ရှိနေခဲ့သည်။ အခန်းအပြင်ကို ထွက်ကြည့်သည်။ ဘယ်သူ့ကိုမှ မတွေ့။ အစစအရာရာသည် ဘယ်တုန်းကမှ ဘာမှ မဖြစ်ခဲ့ဖူးသလို ခြေရာ လက်ရာ မပျက် တိတ်ဆိတ်ငြိမ်သက်လျက်။ ထိုစဉ် ဆူဆူညံညံစကားသံများက နားထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်လာပြန်တာ ဖြစ်သည်။

“မင်းကောင်မလေးက အဲဒီ (___) လမ်းပေါ်က Red Star ဆိုတဲ့ ဘားနဲ့ အဆက်အသွယ်ရှိတယ်။ သူက လူတော့ တော်တော်ရွေးတယ်။ ငါ့သူငယ်ချင်းတစ်ယောက်နဲ့ ကြုံဖူးတယ်။ မင်း မယုံရင် ကြည့်ကြည့်လိုက်... သူ့ခါးဆစ်ရိုး အဆုံးနားမှာ အနက်ရောင်မှည့် အကြီးတစ်လုံး အသေးတစ်လုံး ရှိနေတယ်။ သိပ်ဆွဲဆောင်မှုကောင်းတဲ့ မှည့်ပိုင်ရှင် မိန်းကလေး… သိပ်နာမည်ကြီးတယ်… လို့ ငါ့သူငယ်ချင်းက ပြောတယ်”

သူ လုံးဝ မျှော်လင့်မထားခဲ့သော အဖြစ်အပျက်တို့သည် ဒီတစ်ညအတွင်း မြန်မြန်ဆန်ဆန်ကြီး ဖြစ်ပျက်ခဲ့ပြီ။ သိပ်ဆွဲဆောင်မှုကောင်းတဲ့ မှည့်ပိုင်ရှင် နာမည်ကြီး မိန်းကလေး ဟူသော စကားကို အထပ်ထပ် အခါခါ ပြန်လည် ကြားယောင်ခဲ့ရသော အချိန်များ၊ သူ သွေးရူးသွေးတန်းဖြင့် ငြင်းဆန်ခဲ့သော စကားလုံးများ၊ သူ ရာနှုန်းပြည့် ယုံကြည်ခဲ့ရသော၊စွဲလန်း တန်ဖိုးထားစွာ ချစ်မက်ခဲ့ရသော မိန်းကလေး… မြူ။

ရှေ့ဆက်ပြီး သူ ဘာလုပ်ရမည်ကို မသိ။ လောလောဆယ် သူ့ခေါင်းထဲမှာလည်း ဘာဆို ဘာမှ မရှိ။ ပကတိ လေဟာနယ်။ သူ တွေ့ကြုံခဲ့ဖူးသော ရောင်စုံ ပန်းပွင့်များလည်း မရှိ၊ သက်တန့်ကွေးလည်း မရှိ၊ လိပ်ပြာတွေလည်း မရှိ။ ယုတ်စွအဆုံးသူ ချစ်သော မြူ ပင် ရှိမနေ။ ထိုသို့ အသိစိတ်ကင်းမဲ့လျက်ကပင် ကြမ်းပေါ်မှာ ပြန့်ကျဲလျက်ရှိသော ပေါင်မုန့်အပိုင်း အစများကို တစ်ခုချင်းစီ လိုက်လံကောက်ယူရင်း ပေါင်မုန့် အကောင်းတစ်ချပ်ဖြစ်အောင် ကြိုးစား စုစည်းနေခဲ့သည်။
ပေါင်မုန့်အစလေးများကို တစ်စ နှင့်တစ်စ ကြိုးစား စု စည်း တွယ် ကပ် လျက်…။
ပေါင်မုန့်အစလေးများကို တစ်စ နှင့်တစ်စ ကြိုးစား စု စည်း တွယ် ကပ် လျက်…။

သက်ဝေ
(၁၃ သြဂုတ် ၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...