Tuesday, November 18, 2014

တရုတ်နိုင်ငံ ၄ ကြိမ်မြောက် အာရှသုတေသနဖိုရမ် အတွေ့အကြုံ ခင်မောင်ညို (ဘောဂဗေဒ)


       အရင်တုန်းက တရုတ်နိုင်ငံကို ရောက်တာနဲ့ မတူဘဲဒီတခေါက်မှာတော့ တရုတ်နိုင်ငံကို ကုန်သွယ်မှု သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ရောက်ခဲ့ပါတယ်။ ကမ္ဘာစီးပွားရေးနှင့်နိုင်ငံရေးဆိုင်ရာသိပ္ပံရဲ့ အောက်မှာရှိတဲ့ တရုတ်လူမှုရေးသိပ္ပံပညာရှင်အဖွဲ့ကနေ ဖိတ်ကြားတာ ဖြစ်ပါတယ်။ အရင်တခါကြုံဖူးတဲ့ အတွေ့အကြုံအရ တရုတ်လို ဆွေးနွေးတာများပြီး ကိုယ်ကငုတ်တုတ်ထိုင်နေရတဲ့ အဖြစ်မျိုးဖြစ်မှာစိုးလို့ ဘယ်လိုဘာသာစကားနဲ့ဆွေးနွေး ကြမှာလဲ ဆိုတာသေသေချာချာ မေးဖြစ်ပါတယ်။  နိုင်ငံတကာကပညာရှင်တွေအများဆုံးတက်ရောက် ပြီးတော့ တရုတ်ပညာရှင်များကတော့ ထုံးစံအတိုင်း တရုတ်ဘာသာနဲ့ ဆွေးနွေးတာကိုဘာသာပြန်ပေးတာ တွေ့ရ ပါတယ်။ တိုက်ရိုက်ဘာသာပြန်တာ ဆိုတော့ အချိန်ထူးပြီး မကုန်တော့ပါဘူး။ပီကင်းမြို့ လည်ခေါင်က ပီကင်းနိုင်ငံတကာဟိုတယ်နဲ့ အဆောက်အဦးတခုဘဲခြားတဲ့ ပညာရှင်များရဲ့အဆောက်အဦး မြေညီ ထပ်မှာ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။



        နိုဝင်ဘာ ၁၀ရက် မနက်ခင်းဟိုတယ်ဧည့်ခန်းမှာလူစုလိုက်တော့ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ မလေးရှား စတဲ့နိုင်ငံများကပညာရှင်များပါ ပါဝင်တာ သတိထားမိပါတယ်။ ဟိုတယ်ဧည့်ခန်း မှာကတည်းက ဆွေးနွေးပွဲတွေက စနေကြပါပြီ။နောက်ကျွန်တော်တို့ကို လာကြို ပြီးတော့ တရုတ်ပညာရှင်များနဲ့ မိတ်ဆက်ပေးတယ်။ ထုံးစံအတိုင်းကြိုဆိုနူတ်ဆက်တဲ့ မိန့်ခွန်းတွေပြောပြီး အခမ်းနားကိုစတယ် ဓါတ်ပုံအတူ ရိုက်ကြတယ်။  ဆွေးနွေးပွဲ မှာ တယောက် ၁၀မိနစ် ၁၅မိနစ်လောက်ဘဲ အချိန်ရကြပါတယ်။ခပ်သုတ်သုတ်ဘဲ ပြောကြပါတယ်။ ပညာရှင်တွေ ဆိုတော့ အားလုံးက ဒီအကြောင်းရာတွေကို ကျွမ်းကျင်ပြီးသားပါအဓိကထားပြီး ဆွေးနွေးတာကတော့ အာဆီယံက အဓိကထားပြီး လုပ်နေတဲ့ အာဆီယံနဲ့၆နိုင်ငံ ပါဝင်တဲ့Regional Economics Corporation Partnership ဆိုတဲ့ အတိုကောက်(RECP) ကုန်သွယ်ရေး သဘောတူညီချက်နဲ့အမေရိကန်ဦးဆောင်ပြီး စီစဉ်နေတဲ့ Tran Pacific Partnership(TPP) ဆိုတဲ့ပစိဖိတ် ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်ရေး အစီစဉ် ၂ခုဟာ ပြိုင်ဘက်လား တခုနဲ့တခု အထောက်အကူဖြစ်သလား ဆိုတာကိုအဓိကထားပြီးတော့ ဆွေးနွေးကြတာပါ။

       လွယ်လွယ်ပြောရရင်တော့ ဒီ၂ခုဟာ ပြိုင်ဘက်လို့ ပြောရမှာခက်တယ် တခုနဲ့တခုတော့ အထောက်အကူ ဖြစ်ပါလိမ့်မယ်လို့ ပြောလေ့ရှိကြပါတယ်။ အာဆီယံကလုပ်တဲ့RECP ကတော့ အာဆီယံအသင်းဝင် နိုင်ငံတခု ဖြစ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ ပတ်သက်ပါတယ်။သို့သော်လည်း အမေရိကန်နိုင်ငံက ဆောင်ရွက်တဲ့ ပစိဖိတ်ဖြတ်ကျော်  သဘောတူညီချက် ဆိုတာကတော့ မြန်မာနိုင်ငံနဲ့ မပတ်သက်ဘူးလို့ဆိုရမှာပါ။သူကလည်း ကုန်သွယ်မှုကိစ္စတင် မဟုတ်ဘဲ ရည်မှန်းချက်တော်တော်ကြီးမားတယ် အဆင့်တန်းမြင့်တယ်လို့ပြောလေ့ပြောထရှိကြပါတယ်။ ထူးခြားတာက အဲ့ဒီအစီစဉ်မှာ တရုတ်နိုင်ငံလည်း ပါဝင်ခြင်းမရှိပါဘူးတရုတ်နိုင်ငံကို ထည့်သွင်းထားခြင်းမရှိပါဘူး။ အခုချိန်ထိ ဆွေးနွေးပွဲတွေမှာ မြင်သာထင်သာလည်းမရှိပါဘူးဒါလည်းပြောစရာတခု ဖြစ်နေပါတယ်

      ဒီဘက်ကRCEPက အမေရိကန်မပါတဲ့ သဘောတူညီချက် ဟိုဘက်က TPPက တရုတ်နိုင်ငံမပါတဲ့ သဘောတူညီချက် ဆိုတော့အမေရိကန်မပါ ဘဲလုပ်လို့ရသလား တရုတ်မပါဘဲ လုပ်လို့ရသလား ဆိုတာပြောစရာဖြစ်တာပေါ့။ နိုင်ငံရေးအရပြောရရင်တရုတ်နိုင်ငံကို ၀ိုင်းဝန်းဖို့ ကြံစည်တာလား အမေရိကန်ကိုချန်ရစ်ဖို့ ကြံစည်တာလား စသဖြင့်ပေါ့လေဆွေးနွေးကြပါတယ်။အထူးသဖြင့်  RCEP ဟာ စီးပွားရေးနဲ့ ဆက်နွယ်ပုံရပေမယ့်TPPက နိုင်ငံရေးကို အဓိကထားပြီး သွားနေပုံ ရပါတယ်။

     ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲ ကျင်းပနေချိန်ဟာဖြစ်ချင်တော့ အေပက်လို့ခေါ်တဲ့ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ(APEC)နိုင်ငံတကာထိပ်သီး အစည်းအဝေးနဲ့သွားရောက် တိုက်ဆိုင်နေပါတယ်။ ဒီအစည်းအဝေးနဲ့ တိုက်ဆိုင်တဲ့အတွက်တရုတ်ပီကင်းမြို့ တော်မှာ စက်ရုံအလုပ်ရုံတွေ ပိတ်ထားတယ်။ အဲ့တော့ ပီကင်းမြို့ တော်ကလူတော်တော်များများ တခြားဒေသတွေကိုသွားလည်ကြတယ်။ မော်တော်ကားတွေဆိုရင်လည်း ကားလမ်းပေါ်မှာလျော့နည်းအောင် တချို့ ကားတွေဆိုရင် ထွက်ခွင့်မပေးဘဲ အလှည့်ကျ စီးရတဲ့စနစ်မျိုး ပေါင်းပြီးစီးရတဲ့စနစ်မျိုးဖြစ်အောင်လုပ်နေတဲ့ ခါကြတော့ ပီကင်းမြို့ တော်မှာ ကောင်းကင်က ပြာပြီး ပတ်ဝန်းကျင်ကလည်းညစ်ညမ်းမှု မရှိသလို ရာသီဥတုကလည်း တော်တော်ကောင်းကောင်းမွန်မွန် ရှိနေတော့ ဒါအေပက် အပြာရောင်ကောင်းကင်(APECBLUE)လို့ ပြည်သူလူထူက တင်စားကြတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ကံအားလျော်စွာဒီအခွင့်အရေးကို ရယူခွင့်ရပါတယ်။

      အမေရိကန်၊ဂျပန်၊ တရုတ်၊ ကိုရီးယား ရုရှား တို့ကခေါင်းဆောင်တွေ လုပ်နေတဲ့ အစည်းအဝေးဟာ တခုခု ထူးထူးခြားခြားဖြစ်လိမ့်မယ် လို့တော့ ကျွန်တော်တို့ဘက်က တွက်ကြပါတယ်။ဒါပေမဲ့ ဘာဖြစ်မလဲဆိုတာတော့မသိကြပါဘူး။ညနေကျမှ နောက်တရက် သတင်းစာတွေပါမှာဘဲ ဘာလဲဆိုတာ သိကြတာပါ။ ခေါင်းဆောင်တွေက နိုင်ငံရေးရှုထောင့်ကနေပြီးတော့ဆွေးနွေးကြတာပေါ့လေ။ ဒီဘက်ကတော့ စီးပွားရေးရှုထောင့်ကနေ ဆွေးနွေးကြတာပေါ့။ အဓိကကတော့ဈေးကွက်ကြီးကျယ်ကျယ်ပြန့်ပြန့်ရှိမယ် ဆိုရင်အကျိုးရှိမယ် ဒီဈေးကွက်ကြီးထဲမှာပါတဲ့သူတွေ အခွန်ကောက် လွတ်ငြိမ်းခွင့်တွေ ရမယ်၊ လွတ်လွတ်လပ်လပ် ကုန်သွယ် နိုင်မယ်။ ဒီဈေးကွက်ထဲမှာမပါတဲ့သူတွေက လွတ်ပြီးကျန်ရစ်ခဲ့မယ် ဆုံးရှုံးမှုရှိမယ် ပေါ့။

      ကိုရီးယားတို့ဂျပန်တို့ ပညာရှင်တွေကတော့ ကိန်းဂဏန်းတွေချပြီး တွက်ကြတာ တွေ့ရပါတယ်။ လွယ်လွယ်ပြောရရင်ဘယ်အုပ်စုထဲမှာဘဲပါပါအုပ်စု၂ခုစလုံးထဲမှာပါရင် ၂မျိုးစလုံးအကျိုးရှိမယ်။ ဒီ၂ခုက ဘယ်အုပ်စုထဲမှာပါမယ်ဘယ်အုပ်စုထဲမှာမပါဘူးလို့ ရွေးခြယ်လို့ကောင်းတဲ့ သဘောတူညီချက် မဟုတ်ဘူးလို့သုံးသပ်ကြပါတယ်။ဒီအုပ်စုတွေထဲမှာ မပါရင်ကျန်ရစ်ခဲ့ရင်တော့ လွတ်လွတ်လပ်လပ် ကုန်သွယ်တဲ့အခွင့်အရေးတွေကိုရရှိမှာမဟုတ်ပါဘူး ဆုံးရှုံးမှုပဲများမယ်။ ကိုယ့်ဈေးကွက်က ကြီးရင်ကြီးသလို ပြီးရင်ကိုယ်ကောက်တဲ့အခွန်အကောက်က ကြီးရင်ကြီးသလိုပေါ့လေ လူအများအကျိုးရှိမယ်ဆိုပြီး တွက်ဆကြပါတယ်။

      ခက်တာက ဒီဆွေးနွေးပွဲမှာ ဗီယက်နမ်နိုင်ငံ ကစောစောစီးစီးဆွေးနွေးတယ် ဗီယက်နမ်နိုင်ငံဆိုတာ အတော်လေးခရီးရောက်နေပါပြီ။ ဘင်္ဂလားဒ့ရှ် ဆိုတာကလည်းနာမည်ခံ ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံ ဖြစ်နေတယ်။ ကျန်တဲ့ ကမ္ဗောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံတို့ကလည်းမပါဆိုတော့ ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံအနေနဲ့က မြန်မာနိုင်ငံတနိုင်ငံတည်းပဲ ပါပါတယ်။ ဒီသဘောတူညီချက် ၂ခု ဘယ်ကဟာကိုရွေးမလဲဆိုတာမှာမြန်မာနိုင်ငံဟာ အာဆီယံအသင်းဝင် နိုင်ငံတခုအနေနဲ့ RCEP မှာဆောင်ရွက်မယ်ဆိုတာတော့ မသွားခင်လေ့လာချက်တွေမိတ်ဆွေတွေရဲ့ ၀ိုင်းဝန်းပံပိုးချက်တွေ အရသိနေရပါတယ်။ သို့သော် TPP ဆိုတာကတော့ အမေရိကန်ဦးဆောင်တဲ့ကုန်သွယ်မှုသဘောတူညီချက်ကတော့ ကိုယ်နဲ့ဘာမှ မပတ်သက်ဘဲ ရှိနေတာပေါ့လေ။

      မြန်မာနိုင်ငံရဲ့အလှည့်ကျတဲ့ခါရောက်တော့ ခုချိန်ထိ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု ကိုခံနေရတဲ့ နိုင်ငံတခုဖြစ်တယ်။ကမ္ဘာစီးပွားရေး ကုန်သွယ်ရေးနဲ့ပေါင်းစည်းတာ ၃၊၄နှစ်ဘဲရှိသေးတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းမှာတည်ငြိမ်မှုရှိအောင် နိုင်ငံရဲ့ စီးပွားရေး တည်ငြိမ်မှုရှိအောင်လည်းကြိုးစားနေရတယ်။ ကုန်သွယ်မှုကနေပြီးတော့ကုန်သွယ်မှုဖြေလျော့မှု ကနေပြီးတော့ အသီးအပွင့်တွေရမယ်  ခံစားရမယ်ဆိုတဲ့ဟာကို ယုံကြည်မှု နည်းပါးနေပါသေးတယ်။အာဆီယံစီးပွားရေး အ၀န်းအ၀ိုင်းအတွက်တောင်မှ သိပ်ပြီးတော့ သဘောမပေါက်ကြသေးတာ နားမလည်ကြသေးတာအဆင်သင့်မဖြစ်ကြသေးတာတွေ ရှိနေသေးတဲ့ခါ ကျတော့ RCEP အတွက် မြန်မာနိုင်ငံက ကြိုးစားပမ်းစားဆောင်ရွက်ရမှာ ဖြစ်တဲ့အကြောင်းတွေ အဓိကထားပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒီဆွေးနွေးချက်ကိုလည်းအများက သဘောတူပါတယ်။

     သူတို့ကတော့ ဒီ၂ခုမှာဘယ်ဟာကို ရွေးမလဲစဉ်းစားတဲ့အချိန်မှာကိုယ်ကတော့ တခုဘဲ ရွေးချယ်ပိုင်ခွင့်ရှိပြီး တခုတောင်မှ အလျင်မှီအောင် ကြိုးစားဆောင်ရွက်နေရသေးတယ်ဆိုတဲ့သဘောပါ။

စိတ်ဝင်စားစရာကောင်းတာက ခုချိန်ဟာ အမေရိကန်မှာ အိုဘားမားအစိုးရ အကျပ်အတည်းတွေ့ ပြီးတော့ ရီပတ်ဘလီကန်အမတ်အများစုကလွတ်တော်ထဲ ၀င်ရောက်နေတဲ့ အချိန်ဆိုတော့ အိုဘားမားအတွက် အခက်တွေ့ နေပြီး တရုတ်နိုင်ငံကမ္ဘာ့ စီးပွားရေးမှာ အင်အားကောင်းလာတော့ အမေရိကန်အခက် တရုတ်အချက် အနေမျိုး ဖြစ်နေပါတယ်။ ဂျပန်နဲ့ အမေရိကန်နဲ့က စိုက်ပျိုးရေးပို့ကုန်တွေအပေါ်မှာ သဘောတူညီချက်မရတဲ့ အတွက် လိပ်ခဲတန်းလန်းဖြစ်နေတဲ့ ပစိဖိတ်ဖြတ်ကျော်သဘောတူညီချက်အစား အာရှပစိဖိတ်လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် Free Trade Area of AsiaPacific (FTAAP)ကို ဆောင်ရွက်ဖို့၂နှစ်လောက် အချိန်ယူလေ့လာကြဖို့ဆိုတဲ့ သဘောတူညီချက်တရပ်ထွက်ပေါ်လာခဲ့ပါတယ်။ ဒါလည်းတနည်းအားဖြင့် ပြေရရင်တော့ အိုဘားမားက အလျော့ပေးလိုက်တဲ့သဘောမျိုးလို့ ပြောရမယ်ထင်ပါတယ်။ ဒါပေမဲ့လည်း သံခင်း တမန်ခင်း သဘောအရဆိုတော့ AsiaPacific Free Trade Partnershipဆိုပြီး ဆောင်ရွက်လိုက်တဲ့အတွက် ကျန်တဲ့သဘောတူညီချက်တွေမလုပ်ရဘူးဆိုတဲ့သဘောမသက်ရောက်ပါဘူးဆိုတဲ့ စကားလေးကလည်းပါပါတယ်။ဥပမာ ၃နိုင်ငံတခါတည်း ကုန်သွယ်ကြတာမဟုတ်ဘဲနဲ့၂နိုင်ငံသဘောတူညီချက်၂ခုလုပ်ရတဲ့ သဘောလေးပါဘဲ။ သူတို့ကတော့ စပါကတီဆိုတဲ့ အီတလီခေါက်ဆွဲတွေထွေးရောယှက်တယ် အလိမ်လိမ် အရှုတ်ရှုတ်ဖြစ် နေတဲ့ပန်းကန် Sphagetty Bowl နဲ့တင်စားပြီးပြောကြပါတယ်။

     ဒီအချိန်မှာ ကုန်သွယ်မှုတွေဈေးကွက်တွေ ကျယ်ပြန့်အောင်ကြိုးစားကြရမယ်ကျယ်ပြန့်မှာမိတ်ဆွေတွေ ကုန်သွယ်ဘက်တွေ ပေါများအောင် တိုးပွားအောင် ဆောင်ရွက်ကြရမယ်။ဈေးကွက်ကျဉ်းကျဉ်းလေးတွေကို ဆောင်ရွက်မနေဘဲ ဈေးကွက်ကြီးကြီးမားမား အပေါ်အာရုံစိုက်ပြီးဆောင်ရွက်ကြရမယ်ဆိုတဲ့သဘောပါပဲ။ ဒါပေမဲ့လည်း တဖက်မှာ ကျွန်တော်စောစောက ပြောခဲ့သလိုဘဲကုန်သွယ်မှုဖြေလျော့တဲ့အခါမှာ ကိုယ့်မှာဘာတွေရောင်းစရာရှိလဲ နိုင်ငံတကာဈေးကွက်ကို အရေအတွက်အရရောအရည်အသွေးအရရော ဈေးနှုန်းအရရော ပစ္စည်းရဲ့ ထူးခြားဆန်းသစ်မှုအရရော ၀င်ရောက်ထိုးဖောက်နိုင်တဲ့အစီစဉ်တွေရှိသလား မဟုတ်ရင်တော့ သူများကကိုယ့်ဈေးကွက်ဝင်သွားပြီးတော့ ကိုယ်ကလူများရဲ့ဈေးကွက်ကို ၀င်နိုင်ခြင်းမရှိဘူးဆိုတာကိုလည်း တွေ့ရပါမယ်။

     အခုဆိုရင်ကိုမြန်မာနိုင်ငံက လွတ်လပ်စွာကုန်သွယ်မှုခွင့်ပြုပြီးတဲ့နောက်မှာ ပို့ကုန်တွေများမလာဘဲ သွင်းကုန်တွေများလာတော့ တချိန်လုံးလိုငွေပြနေတယ်ဆိုတာသတိထားမိပါတယ်။ ကျွန်တော်တို့ အနေနဲ့တော့ မြန်မာနိုင်ငံဟာ ဒေသတွင်း လှုပ်ရှားမှုတွေ နိုင်ငံတကာလှုပ်ရှားမှုတွေနဲ့ထိတွေ့ပြီးတော့ အဲ့ဒီလှုပ်ရှားမှုတွေမှာ ပါဝင်နိုင်အောင်ဝင်ဆံ့နိုင်အောင် နိုင်ငံတကာပေါင်းစည်းမှုတွေဒေသဆိုင် ရာပေါင်းစည်းမှုတွေကနေပြီးတော့ အကျိုးအမြတ်ရရှိအောင် ကြိုးပမ်းအားထုတ်သွားရမှာဖြစ်တယ် ဆိုတဲ့အကြောင်းဒီဆွေးနွေးပွဲကနေပြီးတော့ သဘောပေါက်ခဲ့ပါတယ်။

ခင်မောင်ညို (ဘောဂဗေဒ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...