Wednesday, November 12, 2014

ရေခဲသေတ္တာပေါ်မှာ အ၀ါရောင်စာရွက်တွေ - ၃

 
သူ/သူမ က ငါးကန်ထဲက ငါးကလေးကို ဘယ်တော့မှ စကားစမြည် မပြောတော့ဘူး
ခြေထောက်နှစ်ချောင်းထဲ အတွက် လမ်းက ပိုပြီး ရှည်လျားလွန်းလာတယ်
သော့တွေ တံခါးပေါက်တွေ ဘေးလွယ်အိတ်တွေ စီးကရက်ဘူးတွေ ပြီးတော့လည်း ဘာမှ မကျန်ခဲ့
ပါးစပ်ထဲ ရောက်လာပြီးတဲ့ မျက်နှာသစ်ဆေးကို ပြန်မထွေးတော့ပဲ လိုရင်းက ဘာလဲဆိုတဲ့ အတွေးကိုပါ သတ်/ငြိမ်း မသေ

ခပ်ရင့်ရင့် စကားလုံးတွေချည်း စုဗူးထဲ ပစ်ထည့်တဲ့အခါ မြည်သံက နားဝင် ချို/ခါး မသိ
လက်ခံလိုက်တယ် ငြင်းဆိုလိုက်တယ် တစ်ကိုယ်ရည်အာသာက မပြေခဲ့ တဲ့ အခြေအနေတွေ
အလိုမတူပဲ မုန်းတီးလိုက်ရခြင်း ခပ်နာနာနင်းတဲ့ လီဗာသံဟာ အမှောင်ကို မဖုံးနိုင် မဖိနိုင်
ခေတ်က အရွယ်အရောက်မခံဘူး တစ်ကိုယ်တော် အာသီသထဲက မလွတ်ဘူး ရုန်းလေ နစ်လေ ယစ်မူးလေ ရူးလေ
နင့်ကို ဘယ်သူက ပန်းပွင့် အဝါရောင်လေး ယူလာခိုင်းလို့လဲ အားလုံး အစက စပြီးမှားတယ်
ပျော်မလားလို့ .......
ပျော်မလားလို့........
ပျော်မလားလို့........
အစကို ပြန်သွားဖို့ အစမ်းလေ့ကျင့်နေတဲ့ ဂစ်တာကြိုးတွေ ပြတ်ထွက် သူလည်း သူ့ရောဂါနဲ့သူပဲ
ဆေးပြားတွေကို တစ်ခြမ်းချိုးရမှာ မနှစ်မြို့တဲ့ စိတ်နဲ့ ည မနက် မခွဲဖြစ်ခဲ့ ခွဲခွာသွားတဲ့ လူတွေ ကြောင်တွေ အကြောင်းအရာတွေ များလာတယ်
ဘုရားသခင်ကို ဆဲရေးနေတဲ့ လူတစ်စုအတွက် ဆုတောင်းပေးလိုက်တယ်
မလိုလားပဲ လုပ်ရတဲ့ အလုပ်တွေက ရှင်သန်ခြင်း အစိတ်အပိုင်းပဲ မဟုတ်လား / ဟုတ်လား
လေဝင်လေထွက်က အဖြူလား အညိုလား အဝါလား မဝေခွဲပဲ
ကိုယ့်အတ္တအတွက်နဲ့ ကိုယ့်စိတ်ကြိုက် ဝါ ချလိုက်တယ် ပျော်နေသူတွေ ပျော်ပါစေ
တယ်လီဖုန်းထဲမှာ ပြောပြောဆိုဆို ငိုသံတွေ အပေါင်း ရယ်သံတွေ သိမ်းထားတယ် အတိတ်ပေါ့
ဒီအကြောင်းအရာ အစ အဆုံးကို ပြောပြီးကြောင်း နောက်ဆုံး ခွန်းတုံ့ အားနာသံက အံ့သြစေခဲ့
မနေ့ကတွေထဲ မိုက်မိုက်ရိုင်းရိုင်းတွေရော မူးမူးရူးရူးတွေရော စုံတယ်
မျက်နှာတွေအားလုံး အပြားလိုက်ကြီး ဝါသွား ဝါးသွားတဲ့အခါ
ကြမ်းပြင်ပေါ်က စာရွက်တွေကို ပြန်ကောက်ပြီး အစ အဆုံး ပြန်ဖတ်ရတယ်
တယ်လီဖုန်းတွေကြောင့် ပိုမိုဝေးကွာသွားရတဲ့ နှုတ်ခွန်းဆက်သံတွေကို ကြောက်ရွံ့ ထိတ်လန့်စွာ ငတ်မွတ်လွန်းတယ်
အဆင်ပြေနေတဲ့ ကားကို စီးပြီး အဆင်ပြေနေတဲ့ လမ်းပေါ် တစ်မနက်ပြီးတစ်မနက်
ခဏ အိပ်လိုက်တယ်.....
ခဏ အိပ်လိုက်တယ်.....
ခဏ အိပ်လိုက်တယ်....
လိုက်မရှာပါနဲ့ ဒီကမ္ဘာမှာ အရာရာဟာ လုံခြုံစိတ်ချရလွန်းတယ်
..................ဆိုတဲ့ စာတန်းလေးသာ အဲဒီတံခါးမှာ .........
အကြောင်းအရာအဟောင်းထဲမှာလည်း အိပ်မက်လို့ကောင်းမယ့် ပုံပြင်အဟောင်းတွေ ရှိမှာပဲ
တယ်လီဖုန်းခွက်ထဲက အံ့ချော်ပြီး လျှ့ံကျလာမယ့် အသံမှာ အားလုံးကို မေ့ဖို့ တစ်စက္ကန့်ပဲ လိုတယ်ဆိုတဲ့
အဝါရောင် စာရွက်တွေ ကမ္ဘာမြေပေါ် ဘယ်သူချန်ထားပေးမှာလဲ မျှော်လင့်နေခဲ့
စကားသိပ်များတဲ့ အဲ့ဒီငါး သိပ် အသက်ပြင်းလွန်းတယ် ။          ။

အမွန်မွန်း
၁၁ နိုဝင်ဘာ ၂၀၁၄

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...