“မပြောဖြစ်ကြတဲ့ ပုံပြင်တွေ”
(feature story)
ဇန်န၀ါရီ ၂၆၊ ၂၀၁၂ (YPI) ပဲခူးသွန် ရေးသားသည်
“ဘာမှမဖြစ်ဘူး မခေါ်ချင်လို့”
ရှမ်းမလေးက “ဘာဖြစ်လို့ အမေကို အမေလို့ မခေါ်တာလဲ” ဆိုတဲ့ သူ့အဒေါ်အမေးကို နှုတ်ခမ်းတစူစူပြန်ဖြေရင်း အိမ်ပေါ်တက်သွားတယ်။
“အိမ်မှာသူ့အမေက နေ့လယ်ကျောင်းလွှတ်ချိန် ထမင်းစားဖို့ စောင့် နေတာ။ သူကတော့ဒီအိမ်မှာလာစားတယ် သူ့ အမေအိမ်သွားစားပါလို့ ဘယ်လိုပဲပြောပြောမရဘူး ဒီအိမ်ပဲကပ်တာ ” လို့ ရှမ်းမလေး အဒေါ်က ရယ်သံစွက်ပြီး ပြန်ပြောလိုက်ပါတယ်။
နှစ်အိမ် သုံးအိမ်သာခြားတဲ့ အကွာအဝေးဆိုပေမဲ့ ရှမ်းမလေးကတော့ သူ့အမေအိမ်ကို ဘယ်တော့မှ ထမင်းစားပြန်လေ့မရှိပါဘူး။
အများအားဖြင့် ရှမ်းမလေးဟာ သူ့ရဲ့အမေဖြစ်သူ တိုက်အိမ်ထက် အဒေါ်နဲ့ အဖွားတွေနေတဲ့ ပျဉ်းထောင်အိမ်လေး မှာသာ ကပ်နေလေ့ရှိပါတယ်။
ရှမ်းမလေးဟာ ငယ်စဉ်ကတည်းက အဖိုးအဖွားတွေနဲ့ ကြီးခဲ့ရပါတယ်။ အခုတော့ မိဘတွေထိုင်းနိုင်ငံမှ ပြန်လာပြီး အတူတူပြန်နေပေမယ့်လည်း သူ့ကတော့ မိဘတွေနဲ့ သူစိမ်းဆန်ဆန်ဖြစ်နေတုန်းပါ။